Homeပြည်တွင်းသတင်းကွတ်ခိုင်မြို့တွင်း TNLA နဲ့ MNDAA ကြားတိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ

ကွတ်ခိုင်မြို့တွင်း TNLA နဲ့ MNDAA ကြားတိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ

၁၅ မတ်လ ၂၀၂၆ | New Day Myanmar

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့မှာ တအာင်းတပ် (TNLA) နဲ့ ကိုးကန့်တပ် (MNDAA) ကြား တိုက်ပွဲတွေ မတ်လ ၁၅ ရက်နေ့မှာ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

TNLA ရဲ့ ထုတ်ပြန်ချက်အရ မတ်လ ၁၅ ရက် မနက် ၉ နာရီ ၄၅ မိနစ်ခန့်မှာ MNDAA ဘက်က မူဆယ်မြို့ (၁၀၅) မိုင်၊ ကွတ်ခိုင် ဗျူဟာကုန်း၊ နမ့်ဖတ်ကာနဲ့ မုံစီး ဒေသတွေ အပါအဝင် နေရာ အနည်းဆုံး ၅ ခုမှာရှိတဲ့ TNLA တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအချိန်မှာပဲ MNDAA ဘက်ကတော့ မနက် ၉ နာရီခွဲခန့်မှာ ကင်းလှည့်နေတဲ့ ၎င်းတို့တပ်ဖွဲ့ဝင်တွေကို TNLA ဘက်က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် မတတ်နိုင်ဘဲ တန်ပြန်ခုခံတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ ဖြစ်ပွားလာတဲ့ နောက်ဆက်တွဲ ပြဿနာတွေအတွက် TNLA ဘက်မှာ တာဝန်ရှိတယ်လို့လည်း MNDAA က ဆိုပါတယ်။

နမ့်ဖတ်ကာနဲ့ နမ့်ခမ်းမြို့ကြားရှိ ၁၂ မိုင်ရွာဘက်က TNLA တပ်စခန်းတစ်ခုကို MNDAA ဘက်က ဒရုန်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဒေသတွင်းသတင်းရင်းမြစ်တွေအရ နှစ်ဖက်ပဋိပက္ခဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ကွတ်ခိုင်မြို့ရှိ MNDAA အုပ်ချုပ်ရေးဌာနရုံးတွေကို အင်အားသုံး ဖယ်ရှားခဲ့တဲ့ဖြစ်စဉ်ကနေ စတင်ခဲ့တာဖြစ်ပါတယ်။

TNLA ကတော့ လက်ရှိ ဖြစ်ပွားနေတဲ့ ပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းပြီး ဖြေရှင်းနိုင်ဖို့ ကြိုးစားသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး