၁၄ မတ်လ ၂၀၂၆ | New Day Myanmar
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နေရာအချို့မှာ ဒီနေ့မနက်ပိုင်းက တအာင်းတပ်မတော် (TNLA) နဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့ကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့တယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက်အရ မတ်လ ၁၄ ရက်နေ့ မနက် ၉ နာရီဝန်းကျင်မှာ ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး လက်နက်ငယ်ပစ်ခတ်သံတွေ ကြားနေရတယ်လို့ သိရပါတယ်။
သတင်းရရှိချက်တွေအရ ကွတ်ခိုင်မြို့နဲ့ အနီးဝန်းကျင်မှာ တပ်စွဲထားတဲ့ TNLA တပ်တွေကို MNDAA ဘက်က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
နှစ်ဖက်တပ်ဖွဲ့တွေကြား တင်းမာမှုဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က MNDAA ဘက်က ကွတ်ခိုင်မြို့ပေါ်မှာ CCTV တပ်ဆင်မှုနဲ့ ပတ်သက်ပြီး TNLA ဘက်က အင်အားသုံး ဖယ်ရှားခဲ့တာကနေ စတင်ခဲ့တာဖြစ်ပြီး တစ်လကျော်ကြာ ညှိနှိုင်းမရဘဲ တိုက်ပွဲဖြစ်လာတာဖြစ်ပါတယ်။
ရှမ်းမြောက် စစ်ရေးနိုင်ငံရေးလေ့လာသူတစ်ဦးကတော့ MNDAA ဘက်ဟာ နမ့်ဖက်ကာ၊ ကွတ်ခိုင် လွယ်ဆမ်ဆစ်တောင်ခြေ၊ ၃၈ မိုင် မန်ပြိန်းရွာတွေဘက်မှာ လက်နက်ကြီးနဲ့ ဒရုန်းတွေ အများအပြား တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် KIA ဘက်ကလည်း နမ့်ဖက်ကာနဲ့ လွယ်ခန်ကျေးရွာတွေမှာ အင်အားတိုးချထားပြီး စစ်ကော်မရှင်တပ်ဘက်ကတော့ လားရှိုးဘက်ကနေ အခြေအနေကို စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
စစ်ရေးနိုင်ငံရေးလေ့လာသူတချို့ကတော့ မဟာမိတ်တပ်တွေကြား နယ်မြေပြဿနာတွေ ပိုမိုပြင်းထန်လာနိုင်ပြီး စစ်ရေးအရ ဖြေရှင်းသွားမယ်ဆိုရင် သိန္နီ၊ ကွတ်ခိုင်နဲ့ နမ့်ဖက်ကာ ဒေသတွေဟာ စစ်ကော်မရှင်တပ် လက်ထဲ ပြန်ကျနိုင်တယ်လို့ သုံးသပ်ပါတယ်။
အဆိုပါတိုက်ပွဲဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီးကျွင်း နေပြည်တော်ကို ရောက်ရှိနေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
MNDAA၊ TNLA နဲ့ AA တို့ဟာ ညီနောင်မဟာမိတ် သုံးဖွဲ့အဖြစ် ၁၀၂၇ စစ်ဆင်ရေးအတွင်း မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းကာ စစ်ကော်မရှင်တပ် ထိန်းချုပ်ထားတဲ့ မြို့တွေကို သိမ်းပိုက်ခဲ့ကြပေမယ့် မဟာမိတ်အချင်းချင်း တိုက်ပွဲဖြစ်တာ အခုတစ်ကြိမ်က ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။


