၃ မတ် ၂၀၂၆ | New Day Myanmar
အရှေ့အလယ်ပိုင်း စစ်ပွဲဂယက်ကြောင့် ဆီတင်ပို့မှု ရပ်မလားဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်လာပြီးနောက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ စက်သုံးဆီ လုဝယ်မှုတွေ ဖြစ်နေပါတယ်။
မနက် ၆ နာရီခွဲ တံတားဖွင့်တာနဲ့ တပြိုင်နက် တာချီလိတ်ဘက်က မြန်မာဆိုင်ကယ်တွေ၊ ကားတွေ အများကြီး ကျော်ဝင်လာပြီး ဆီဆိုင်တွေမှာ တန်းစီဝယ်ယူခဲ့ကြပါတယ်။
ဒေသခံတစ်ယောက်က “တန်းစီနေတဲ့ကားတွေထဲမှာ မြန်မာနံပါတ်ပြားတပ်ကားတွေ များတယ်။ တံတားဖွင့်တာနဲ့ ဝင်လာကြတာပဲ” လို့ ပြောပါတယ်။
မြန်မာဘက်မှာ ဆီဈေးတက်မလား၊ ပြတ်မလားဆိုတဲ့ စိုးရိမ်မှုကြောင့် ထိုင်းဘက်ကို ကျော်ဝင်ဝယ်နေကြတာလို့ ယာဉ်မောင်းတစ်ယောက်က ပြောပါတယ်။ “မြန်မာဘက်မှာ မသေချာလို့ မယ်ဆိုင်ဘက်လာဝယ်တာ” လို့ ဆိုပါတယ်။
ဆီဖြည့်ရုံတင်မကဘဲ ဆီပုံးတွေနဲ့ပါ ဝယ်ယူသိုလှောင်နေကြပြီး အချို့ဆီဆိုင်တွေမှာ မြန်မာကားတွေက ထက်ဝက်ကျော်ပါနေတယ်လို့ သိရပါတယ်။
မယ်ဆိုင်မြို့ပြင်က ဆီဆိုင် ၂ ဆိုင်တော့ ဆီကုန်သွားလို့ ယာယီပိတ်ထားရပါတယ်။ ဒီအခြေအနေကြောင့် ထိုင်းဒေသခံတွေပါ ဆီပြတ်မလားဆိုပြီး ဝယ်ယူမှုတိုးလာပါတယ်။
ထိုင်းစွမ်းအင်ဝန်ကြီးဌာနကတော့ ဆီတင်ပို့မှု မပိတ်ထားဘူးလို့ ပြောထားပေမယ့် နယ်စပ်မှာတော့ စိုးရိမ်စိတ်တွေ ရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။


