၁၈ ဖေဖော်ဝါရီ ၂၀၂၆
ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ရဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါး အပါအဝင် မိသားစုဝင်တွေဟာ ဒီကနေ့ ဖေဖော်ဝါရီ ၁၈ ရက် ညနေပိုင်းမှာ လက်နက်တွေနဲ့အတူ စစ်ကော်မရှင်ဆီ အညံ့ခံခဲ့တယ်လို့ စစ်ကော်မရှင်ဘက်က ထုတ်ပြန်လာပါတယ်။
စစ်ကော်မရှင် အသိပေးချက်အရ နိုင်လင်း (ခေါ်) ဗိုလ်နဂါးဟာ လက်နက်မျိုးစုံ ၆ လက်နဲ့ ဆက်စပ်ပစ္စည်းတွေကို ကိုင်ဆောင်ပြီး စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ စစ်ကော်မရှင် လုံခြုံရေးတပ်စခန်းတစ်ခုကို လာရောက် ဆက်သွယ်သတင်းပို့ခဲ့တာလို့ ဖော်ပြထားပါတယ်။
မြေပြင်စစ်ရေးသတင်းအရင်းမြစ်တွေကတော့ ဗိုလ်နဂါးကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် (မုံရွာ နမခ) ကနေ တက်လာတဲ့ Mi-17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် ၂ စီးဟာ ပုလဲမြို့နယ် ဘောလုံးကွင်းမှာ ရပ်နားပြီး ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက်နေ့က လူသတ်မှု၊ မုဒိမ်းမှု စတဲ့ ပြစ်မှုတွေ ကျူးလွန်ထားတယ်လို့ စွပ်စွဲခံထားရတဲ့ ဗိုလ်နဂါးနဲ့ BNRA တပ်ဖွဲ့ဝင်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်က အပြစ်ဝန်ခံစေရေးအတွက် စခန်းကို ဝင်ရောက်စီးနင်းရာကနေ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ပွဲဖြစ်ပွားနေချိန်အတွင်း ဗိုလ်နဂါးဟာ စစ်ကော်မရှင်ဘက်ကို လေကြောင်းပစ်ကူပေးဖို့ အကူအညီတောင်းခဲ့ပြီး အဲဒီနောက် စစ်ကော်မရှင်က လေကြောင်းပစ်ကူပေးခဲ့တာကြောင့် နံနက်ပိုင်းမှာ စစ်ကော်မရှင် စစ်ကြောင်းတွေ ဝင်ရောက်ထိုးစစ်ဆင်နိုင်ခဲ့တယ်လို့ မြေပြင်သတင်းအရင်းမြစ်တွေက ပြောပါတယ်။


