ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုမြို့ထဲမှာ အွန်လိုင်းလိမ်လည်မှုနဲ့ လောင်း ကစားမှုလုပ်ငန်း(ကျားဖြန့်)လုပ်ကိုင်နေတဲ့အဆောက်အဦး ၁၀၀ ကျော်ကို ချိပ်ပိတ်သိမ်းဆည်းပြီးဖြစ်တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။
လတ်တလောမှာ အွန်လိုင်းလိမ်လည်မှုတွေလုပ်ဆောင်တာတွေမတွေ့ရှိရတော့ဘဲ ရွှေကုက္ကိုမြို့သစ်ထဲကို စစ်ကော်မရှင်တပ်နဲ့ ကရင်နယ်ခြားစောင့်တပ် BGF တို့က ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့ကတည်း ကစပြီး ဝင်ရောက်ရှာဖွေစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ရာမှာ နိုဝင်ဘာ ၃၀ ရက်နေ့အထိ တရားမဝင်အဆောက်အဦး ၁၄၀ ကို စစ်ဆေးတွေ့ရှိရပြီး အဲဒီအဆောက် အဦးတွေကို ပြန်လည်အသုံးပြုမှုမရှိစေရေးအတွက် သိမ်းဆည်းချိတ်ပိတ်တာကို ဆောင်ရွက်လျက်ရှိတယ်လို့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် နိုဝင်ဘာ ၃၀ ရက်နေ့အထိ စစ်ကော်မရှင်တပ်က ရွှေကုက္ကိုမြို့ရှိ လူနေအဆောက်အဦးတွေ ဂိုဒေါင်တွေ စတိုခန်းတွေ အားကစားရုံတွေ ဈေးဆိုင်ခန်းတွေနဲ့ အလုပ်သမားတန်းလျား စတာတွေအပြင် အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းက စားမှုလုပ်ငန်းတွေ လုပ်ကိုင်နေသူတွေကို မတွေ့ရဘဲ လုပ်ငန်းလုပ်ဆောင်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကိုလည်း တစ်ပါ တည်းဖြုတ်သိမ်းယူဆောင်သွားခဲ့ကြောင်း ဆိုပါတယ်။
အလားတူ ရွှေကုက္ကိုနယ်မြေအတွင်း စုစုပေါင်းဖော်ထုတ်ရှင်းလင်းမှုအရ နိုဝင်ဘာ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်နေထိုင်တဲ့ ပြည်ပနိုင်ငံသား စုစုပေါင်း ၁၉၅၄ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် မြဝတီမြို့တောင်ဘက် KK Park နယ်မြေထဲက အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားမှုလုပ်ငန်းတွေမှာ အသုံးပြုတဲ့ တရားမဝင်အဆောက်အဦးတွေကိုလည်း ဆက်လက်ဖြိုချဖျက်ဆီးပစ်ခဲ့တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။


