၈ နိုဝင်ဘာ ၂၀၂၅
MDY-PDF ထိန်းချုပ်ထားတဲ့ မန္တလေး တိုင်း ၊ မတ္တရာမြို့နယ် ဆည်တော်ကြီးကျေးရွာအပါ အဲ့ဒီဒေသပတ်ဝန်းကျင်တဝိုက်ကို စစ်ကော်မရှင်က ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့ ဒီကနေ့နိုဝင်ဘာ ၈ ရက်မှာ ထုတ်ပြန်လာပါတယ်။
အဲဒီ သတင်းနဲ့ ပတ်သက်လို့ MDY-PDF ဘက်ကတော့ တစုံတရာ သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။
စစ်ကော်မရှင်ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာတော့ ယမန်နေ့ နိုဝင်ဘာ ၇ ရက် မွန်းလွဲပိုင်းမှာ ဆည်တော်ကြီး ရေလှောင်တမံနဲ့ နယ်မြေခံတပ်ဌာနချုပ်၊ ပတ်ဝန်းကျင်အားလုံးကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။
ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ် ဆင်ရေးကာလ ၁၉ ရက်ကြာအတွင်းတိုက်ပွဲကြီးငယ် ၄၂ ကြိမ် ဖြစ်ပွားခဲ့ပြီး PDF ဘက်က အလောင်း ၁၄ လောင်း၊ လက်နက်မျိုးစုံ အလက် ၆၀ နဲ့ ဆက်စပ်ပစ္စည်းတွေသိမ်းဆည်းရမိခဲ့သလို၊ စစ်ကော်မရှင်ဘက်ကလည်း တပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့ရတယ်လို့ထုတ်ပြန်ထားပါတယ်။
အဲ့ဒီ ဆည်တော်ကြီးရေလှောင်တမံဟာ မန္တလေးတိုင်း မတ္တရာမြို့နယ် စလေကျေးရွာအုပ်စု ဆည်တော်ကြီးရွာအနီးမှာ တည်ရှိတာဖြစ်ပြီး မန္တလေးမြို့ရေပေးဝေရေး၊ မတ္တရာဒေသနဲ့မန္တလေးပတ်ဝန်းကျင်ဒေသတွင်း စိုက်ပျိုးရေပေးဝေရေး၊ ရေ အားလျှပ်စစ်ထုတ်လုပ်ရေးတို့အတွက် ရည်ရွယ်ဆောက်လုပ်ထားတဲ့ တာတမံဖြစ်ပြီး ၁၉၇၆ ခုနှစ်မှာစတင်တည် ဆောက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်မှာလည်း ဖယောင်းတောင်သတ္တုတွင်း ဒေသ တဝိုက်အပါ ဩဂုတ် ၂၈ ရက်မှာ အယ်လ်ဖာဘိလပ်မြေစက်ရုံတို့ကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး PDF အဖွဲ့တွေအနေနဲ့ မတ္တရာဒေသ မြောက်ဘက်ခြမ်းကို ဆုတ်ခွာသွားကြတယ်လို့ဖော်ပြထားပါတယ်။
ဓာတ်ပုံ-MOI


