Homeပြည်တွင်းသတင်းရန်ကုန်မှာ စက်သုံးဆီဈေး ကျပ် ၃၆၀၀ ကျော်အထိ မြင့်တက်လာ

ရန်ကုန်မှာ စက်သုံးဆီဈေး ကျပ် ၃၆၀၀ ကျော်အထိ မြင့်တက်လာ

၂၀ မတ် ၂၀၂၆ | New Day Myanmar

ရန်ကုန် စက်သုံးဆီဈေးနှုန်းဟာ ယနေ့ မတ်လ ၂၀ ရက်မှာ တစ်လီတာလျှင် ၃,၆၁၀ ကျပ်အထိ ရှိလာပြီး ရက်သတ္တပတ်အတွင်း ကျပ် ၇၀၀ ကျော် မြင့်တက်လာပါတယ်။

ယနေ့ ရန်ကုန်မှာ 92 Ron တစ်လီတာကို ၃,၆၁၀ ကျပ်၊ 95 Ron တစ်လီတာကို ၃,၈၅၀ ကျပ်အထိ မြင့်တက်လာပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း 92 Ron တစ်လီတာကို ၂,၈၃၀ ကျပ်၊ 95 Ron တစ်လီတာကို ၂,၉၃၀ ကျပ်ရှိရာကနေ အခုလို ထပ်မံမြင့်တက်လာတာ ဖြစ်ပါတယ်။

မန္တလေးမြို့နှင့် အခြားမြို့ကြီးတွေမှာတော့ ရန်ကုန်ဈေးထက် အမြင့်ဆုံး ကျပ် ၃၀၀ နီးပါးအထိ မြင့်တက်ပြီး ဈေးကွာခြားမှုတွေ ရှိနေပါတယ်။

“ဆီကတော့ တစ်ရက်ကို ခွဲတမ်း ၁၅ လီတာတော့ ရပါတယ်။ ချိန်မောင်းရတာပေါ့။ အခုဈေးထပ်တက်တော့ ဘာလုပ်ရမလဲ မသိတော့ဘူး။ ဒီမနက်သွားထည့်တော့မှ ဈေးက ဒီလိုဖြစ်နေတာ သိရတာပါ။ ကမ္ဘာ့အရေးက မကောင်းဘူးဆို ကိုယ့်နိုင်ငံအရေးကလည်း ရှိနေတော့ ပိုဆိုးကုန်တာပေါ့။ စီမံခန့်ခွဲမှုကို ပြောတာပါ” လို့ ရန်ကုန်နေ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာ စွမ်းအင်အခြေခံအဆောက်အအုံတွေကို အပြန်အလှန် တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွားလာတာကြောင့် ရေနံစိမ်းဈေးဟာ တစ်စည်လျှင် ဒေါ်လာ ၁၁၀ ကျော်အထိ မြင့်တက်လာနေပါတယ်။

ဒါ့အပြင် မော်တော်ယာဉ် Wheel Tax ကို scan ဖတ်ရာမှာ အခြားယာဉ်နံပါတ်တွေ ပေါ်နေခြင်း၊ barcode တွေ ပျက်နေခြင်း၊ ဆီထည့်ပြီးသား ယာဉ်နံပါတ်တွေ ပြန်ပေါ်နေခြင်း၊ ကညနမှာ စာရင်းမရှိကြောင်း ဖော်ပြနေခြင်းတို့ကြောင့် အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။

တစ်ဖက်မှာလည်း ရန်ကုန်မြို့နယ်အများစုမှာ လျှပ်စစ်မီး ၄ နာရီခြား အလှည့်ကျ ပျက်နေပြီး မနက်ပိုင်း၊ နေ့လယ်ပိုင်းနဲ့ ညပိုင်းဆိုပြီး အချိန် ၃ ချိန်ခွဲကာ ပေးဝေနေရပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မီးက အချိန်နဲ့ရပါတယ်။ စက်သုံးဆီတွေက ဈေးတက်ပါတယ်။ စားကုန်ဈေးတွေလည်း တက်လာတော့ လူတွေက မဖြစ်မနေစားရတာတွေ မဟုတ်တော့ရင် မဝယ်တော့ပါဘူး။ အရောင်းအဝယ်ပါးလာလို့ ဆိုင်တွေပါ ပိတ်လိုက်ရပါတယ်” လို့ ရန်ကုန်မြို့က စားသောက်ကုန်ရောင်းချသူတစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ – New Day Myanmar

ဆက်စပ် သတင်းများ

Most Read