ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က မြန်မာရွှေ့ပြောင်းအထက်တန်းကျောင်းတခုမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာကျောင်းဆရာတဦးကျောင်းမှာ ပညာသင်နေတဲ့ ကျောင်းငယ်တွေ အပေါ်လိင်အမြတ်ထုတ်မှုကျူးလွန်ခဲ့တယ်ဆိုပြီး မဲဆောက်ရဲစခန်းမှာ အမှုဖွင့်ခံထားရတယ်လို့ သိရပါတယ်။
အမှုဖွင့်ခံထားရသူမှာ ဦးငြိမ်းဇော်လတ် ဖြစ်ပြီး သူ့ကို မဲဆောက်မြို့ရဲစခန်းမှာ လက်ရှိ စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး ကလေးငယ် ၈ ဦး ထံက ထွက်ဆိုချက်တွေ ရရှိထားပြီး၊ ထိုင်းရွှေ့ပြောင်းပညာရေးစင်တာ (MECC) ကိုလည်း တိုင်ကြားဖို့ စီစဉ်ဆောင်ရွက်နေကြောင်း၊ အမှုအတွက် ကူညီဆောင်ရွက်နေသူတွေထံက သိရပါတယ်။
ဦးငြိမ်းဇော်လတ်လုပ်ကိုင်နေတဲ့ သွေးသစ်အထက်တန်းကျောင်း ကလည်း ယခုလ (ဇူလိုင်) လဆန်းပိုင်းက စပြီး သူ့ကို ပညာသင်ကြားမှုနဲ့ နေထိုင်ခွင့်ကို ရပ်နားပေးရန် သတိပေးပြီးဖြစ်ကြောင်း ဇူလို ၁၆ ရက်က သတင်းထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် တိုင်ကြားခံထားရတဲ့ အမှုတွေကို ကျောင်းတာဝန်ခံက တဆင့် ကလေးအခွင့်အရေးကော်မတီတွေ ထံသို့ အကြောင်းကြားထားပြီး၊ ကျောင်းအဖွဲ့အစည်းနဲ့ တိုက်ရိုက်သက်ဆိုင်မှုမရှိဘူးလို့ ဖော်ပြထားပါတယ်။
ဒါကြောင့် မိဘတွေအနေနဲ့ ကျောင်းအုပ်နဲ့ ကျောင်းအဖွဲ့ရဲ့ တာဝန်ယူမှုမရှိခြင်းအပေါ် စိုးရိမ်မှုတွေ ရှိနေပြီး ကျောင်းအုပ်ကိုပါ အရေးယူပေးဖို့ တောင်းဆိုနေကြပါတယ်။
ကျူးလွန်သူလို့ ယူဆရသူ ဦးငြိမ်းဇော်လတ်ကတော့ “ကျနော့်အသက် ၇၂ နှစ် ရှိပါပြီ။ ယခုအခါ အချို့ Facebook Post များတွင် ကျနော့်အား စွပ်စွဲချက်အမျိုးမျိုးဖြင့် စွပ်စွဲလျက်ရှိသည်ကို တွေ့ရပါသည်။ ထိုစွပ်စွဲချက်များ မှန်သည်မှားသည်ကို ကျနော်မငြင်းလိုပါ။ စွပ်စွဲသူများသည် ကျနော်နှင့် တိုက်ရိုက်လာရောက်တွေ့ဆုံဖို့တော့ တောင်းဆိုလို ပါသည်” ဆိုပြီး လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ဓါတ်ပုံ – Nay Shine


