ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေ အနေနဲ့ ရွေးကောက်ပွဲ ကိုပူးပေါင်းကြဖို့ အာဏာသိမ်းစစ်ကောင်စီက ဇူလိုင် ၅ ရက်ရက်စွဲနဲ့ဖိတ်ခေါ်စာ ထုတ်ပြန်လိုက်ပါတယ်။
ဖိတ်ခေါ်စာမှာ ဒေသတည်ငြိမ်အေးချမ်းမှု မရှိခြင်းနဲ့ လက်နက်ကိုင်လှုပ်ရှားမှုတွေကြောင့် ပြည်သူတွေလူမှုဘဝ၊ စီးပွားဘဝအပေါ် ထိခိုက်မှုတွေရှိနေတယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီက PDF နဲ့လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ဥပဒေဘောင်အတွင်း အတူတကွပူးပေါင်းနိုင်ဖို့ အစိုးရနဲ့ စစ်တပ်လက်တွဲပြီးနိုင်ငံရေးကဏ္ဍမှာ ပါဝင်နိုင်မယ်ဆိုပြီး ဖိတ်ခေါ်ထားတာပါ။
ဒါ့အပြင် ပြည်ထောင်စုဖွဲ့စည်းပုံ ပြင်ဆင်ရေးဆွေးနွေးမှုတွေမှာလည်း ပါဝင်နိုင်မယ်လို့ဆိုထားပါတယ်။
ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်အပေါ်အခြေခံတဲ့ပြည်ထောင်စုသစ်တည်ဆောက်ရေးဟာ ရွေးကောက်ပွဲပြီးနောက် ဆက်လက်ညှိနှိုင်းဆွေးနွေးရမည့် လုပ်ငန်းစဉ်ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးကတော့ “စစ်ကောင်စီက လုပ်မယ့် ရွေးကောက်ပွဲကို လုံး၀ဆန့်ကျင်ထားတာပါ။ မတရားအာဏာသိမ်းတာမျိုးက ထပ်ဖြစ်လာမှာပါပဲ။ စစ်အာဏာရှင်စနစ်အဆုံးသတ်တဲ့ အထိ တိုက်ပွဲဝင်မှာပါ။”လို့ ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နဲ့အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပူးပေါင်းဖွဲ့စည်းထားတဲ့ တရားမဝင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီ က စစ်အုပ်စုက ကြေညာထားတဲ့ ရွေးကောက်ပွဲနဲ့ ဟန်ပြငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို တော်လှန်ရေးအင်အားစုတွေက အတူတကွ ရပ်တည်ဆန့်ကျင်ကြဖို့ ဇူလိုင် ၅ ရက်မှာတိုက်တွန်းကြေညာလိုက်ပါတယ်။
၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနိုင်ရခဲ့ပြီးနောက် စစ်တပ်က မဲစာရင်းမှားယွင်းကြောင်းအကြောင်းပြပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။
အဲ့ဒီ အာဏာသိမ်းမှုနောက်ဆက်တွဲ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေပေါ်ပေါက်လာပြီးနောက် စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ၂၀၂၅ ဒီဇင်ဘာ/၂၀၂၆ ဇန်နဝါရီ လအတွင်း ရွေးကောက်ပွဲပြန်လည်ကျင်းပမယ်လို့ဆိုထားပါတယ်။


