စစ်အာဏာရှင်ပြုတ်ကျရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို သွားရောက်နေသည့် တော်လှန်ရေးအဖွဲ့များရဲ့ နယ်မြေစိုးမိုးထားနိုင်မှုဟာ မလေးရှားနိုင်ငံ
လောက်မက စိုးမိုးထားနေပြီဖြစ်တယ်လို့ အမျိုး သားညီညွတ်ရေးအစိုး(NUG)၊ ပညာရေးနှင့်ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားထားပါတယ်။
ဒီလိုပြောကြားခဲ့တာဟာ The Burma Guardian ရဲ့ ဝါရင့်သတင်းထောက် ဦးခင်မောင်စိုးနဲ့ အင်တာ ဗျူးပြုလုပ်စဉ်မှာ မလေးရှာနိုင်ငံအကျယ်အဝန်းကို ဥပမာပေးပြောကြားခဲ့တာဖြစ်ပါတယ်။
မလေးရှားနိုင်ငံရဲ့ အကျယ်အဝန်းဟာ ဧရိယာ စတုရန်းမိုင်ပေါင်း ၁၂၇,၇၂၄ ကျယ်ဝန်းပြီး မြန်မာနိုင်ငံဟာ ဧရိယာ စတုရန်းမိုင်ပေါင်း ၂၆၁,၂၂၈ ရှိသဖြင့် မလေးရှားနိုင်ငံဟာ မြန်မာနိုင်ငံထက် ၂ ဆခန့်သေးငယ်တဲ့နိုင်ငံတစ်ခုဖြစ်တယ်လို့ သိရပါတယ်။
“အခုကျနော်တို့တတွေ စိုးမိုးနေတဲ့ နယ်မြေက မလေးရှားနိုင်ငံလောက်မကတော့ဘူး ကျယ်နေပြီ။ အဲဒီ Feeling တကယ့်ကို မြေပြင်စိုးမိုးနေတာ။ အခု ကျနော်ဖြတ်သွားလိုက်ရင် လယ်ကွင်းတွေ စိုက်ခင်း ပျိုးခင်းတွေ။ မစိုက်တဲ့ မပျိုးတဲ့ လယ်ကွင်းမှ မရှိတာ။ မစိုက်တဲ့ မပျိုးတဲ့နေရာဒေသမှ မရှိတာ။ နောက်မွေးမြူရေးတွေ လုပ်ငန်းတွေလည်း လုပ်နေတာ။ ပုံမှန် လည်ပတ်နေတဲ့ စိုးမိုးဒေသတစ်ခုရှိနေတယ်။ လေကြောင်းရန်မှ အပပေါ့။ ရှိနေတယ်ဆိုတဲ့ ခံစားချက်မျိုးရတယ်။ ဒီမြေ ဒီရေ ဒေသတွေကို ငါတို့တတွေ ပိုင်စိုးနေပါလား။ ငါတို့တတွေ သွားနိုင် လာနိုင် လုပ်နိုင် ကိုင်နိုင် ပါ့လားဆိုတဲ့ အသိနဲ့ Feeling ခံစားချက်က မြေပြင်ရောက်တဲ့အချိန်မှာ ရပါတယ်” လို့ ဒေါက်တာဇော်ဝေစိုးက ဆိုပါတယ်။
တော်လှန်ရေးတပ်တွေ စိုးမိုးနေတဲ့ နယ်မြေတွေ
ကို အခြေခံကာ အသွင်ကူးပြောင်းရေးအစိုးရ တစ်ရပ် ဖွဲ့စည်းရန် လိုအပ်တဲ့ သဘောထားကို တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်း EROs တွေကက နားလည်လက်ခံ သဘောတူထားပြီး၊ အဲလို ဖွဲ့စည်းဖို့ဆိုရင် စစ်ရေး နိုင်ငံရေးတွေကို နောက်တစ်ဆင့် တက်ဖိုလိုအပ်တယ်လို့ဆိုပါတယ်။
” ၂၀၂၁ တုန်းက ဘာနယ်မြေမှ မစိုးမိုးဘူး။ ၂၀၂၅ မှာ သက်ဆိုင်ရာ ဖက်ဒရယ်ဒေသလိုက် ရခိုင်ဆိုရင် ရခိုင်မှာ သိမ်းထားတာ အများကြီးပဲ။ အလားတူပဲ ချင်း၊ ကချင်၊ ရှမ်းမြောက်၊ ကရင်နီ အခုဆိုရင် ကရင်ပေါ့။ အထဲထဲမှာလည်း ပြည်မ ဒေသတွေလည်း အများကြီးပဲ။ အဲဒီအပေါ်မှာ အခြေခံပြီးတော့ အသွင်ကူးပြောင်းရေးကာလ အစိုးရတစ်ခု လိုတယ်ဆိုတာ အားလုံး သဘောပေါက်ပါတယ်။ သဘောလည်းတူတယ်။ ဘယ်လိုသွားမလဲဆိုတာတော့ နည်းလမ်း အမျိုးမျိုးရှိမှာပေါ့။ အားလုံးရဲ့ ရည်ရွယ်ချက်ကတော့ အသွင်ကူးပြောင်းရေး အစိုးရ လိုတယ်ဆိုတာ အားလုံးသဘောတူပါတယ်”လို့ ထပ်လောင်း ဆိုပါတယ်။
ဒေါက်တာဇော်ဝေစိုးဟာ ပြည်ပတွင် ရောက်ရှိနေရာကနေ ယခုနှစ်ဆန်းပိုင်းမှာ ပြည်တွင်းက်ု အပြီးပြန်လာခဲ့တဲ့ ပထမဦးဆုံးသော ပြည် တော်ပြန် NUG ဝန်ကြီးတစ်ဦးလည်းဖြစ်ပါတယ်။
ဓာတ်ပုံ-BPLA


