မန္တလေးမှာ စစ်ကောင်စီယူနီဖောင်းဝတ်ပြီး ဓားပြတိုက် လုယက်မှုတွေ ကျူးလွန်နေတဲ့ ဂိုဏ်းကို ဖော်ထုတ်ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီဝါဒဖြန့် သတင်းတွေမှာ ဖော်ပြပါတယ်။
မန္တလေးမြို့ပေါ်၊ အမရပူရ၊ ကျောက်ဆည်နဲ့ မြစ်ငယ်မြို့တွေမှာ စစ်ကောင်စီယူနီဖောင်းဝတ်ပြီး ဓားပြတိုက်မှု၊ လုယက်မှုတွေ မကြာခဏ ဖြစ်ပွားလာတဲ့အတွက် ဖမ်းမိရေး လုပ်ဆောင်ခဲ့ရာမှာ ၂၀၂၅ ခုနှစ် မေ ၅ ရက်က အဖွဲ့ခေါင်းဆောင် နေထက်လင်းကို ချမ်းမြသာစည်မြို့နယ်၊
မြရည်နန္ဒာရပ်ကွက် မှာဖမ်းဆီးရခဲ့တယ်လို့ ဆိုပါတယ်။
နေထက်လင်းရဲ့ ထွက်ဆိုချက်အရ ကွင်းဆက် ကျူးလွန်သူတွေကို ဆက်လက်ဖော်ထုတ်ဖမ်းဆီးခဲ့ရာမှာ ဓား ပြတိုက်၊ လုယက်မှုတွေမှာ ပူးပေါင်းပါဝင်ခဲ့သူတွေ ဖြစ်တဲ့ နေထက်လင်းရဲ့ဇနီး မေမီမီကို အပါအဝင် စုစုပေါင်း ဂိုဏ်းအဖွဲ့က အမျိုးသား ၁၅ ယောက်နဲ့ အမျိုးသမီး ၂ ယောက် စုစုပေါင်း ၁၇ ယောက်တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်
အဲ့ဒီအဖွဲ့ဟာ ၂၀၂၃ ခုနှစ်မှာ လုယက်မှု ၃ ကြိမ်၊ ၂၀၂၄ ခုနှစ်မှာ ရွှေဆိုင်ဓားပြတိုက်မှု ၃ ကြိမ်နဲ့ ၂၀၂၅ ခုနှစ် မတ် ၁၇ ရက်က နေအိမ်တစ်အိမ်အတွင်း ဝင်ရောက်ပြီး ကျပ် ၁၁၉ သိန်းကျော် လုယက်မှု၊၂၀၂၅ ခုနှစ် ဧပြီ ၅ ရက်က အထည်ဆိုင် ဓားပြတိုက်မှု၊ ၂၀၂၅ ခုနှစ် ဧပြီ ၂၈ ရက်က ရွှေဇာမဏီ ရွှေဆိုင်ကို ဓားပြတိုက်မှု ကျူးလွန်ရာမှာ အသီးသီး ပူးပေါင်း ပါဝင်ကျူးလွန်ခဲ့ကြောင်း စစ်ဆေးဖော်ထုတ် သိရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။