Homeပြည်တွင်းသတင်းနေပြည်တော်ကိုဆောက်ခဲ့တဲ့ ကုမ္ပဏီတွေ ပြန်ဆက်သွယ်ဖို့ စစ်ကောင်စီ အမိန့်ထုတ်

နေပြည်တော်ကိုဆောက်ခဲ့တဲ့ ကုမ္ပဏီတွေ ပြန်ဆက်သွယ်ဖို့ စစ်ကောင်စီ အမိန့်ထုတ်

၂၆ ဧပြီ၊ ၂၀၂၅

နေပြည်တော်တည်ဆောက်ရေးလုပ်ငန်းရဲ့ အထူးဖွံ့ဖြိုးရေးစီမံကိန်းမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေအနေနဲ့ ဆက်သွယ်အကြောင်းကြားဖို့ စစ်ကောင်စီလက်အောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

နေပြည်တော်တည်ဆောက်ရေး အထူးဖွံ့ဖြိုးရေးစီမံကိန်းမှာ ပါဝင်တဲ့ ရုံး/ဌာန အဆောက်အဦ‌တွေ၊ အထူးအဆောက်အဦတွေ၊ ဝန်ထမ်းအိမ်ရာတွေ၊ အုပ်ချုပ်မှုဆိုင်ရာအဆောက်အဦတွေအပါအဝင် အခြားအဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းမှာ ပါဝင်တည်ဆောက်ခဲ့တဲ့ ကုမ္ပဏီတွေအနေနဲ့ သတ်မှတ်ထားတဲ့ လူပုဂ္ဂိုလ်တွေကနေတဆင့် ဆက်သွယ်အကြောင်းကြားဖို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီရဲ့ အဆောက်အဦးများ ပြန်လည်ပြုပြင်အသုံးပြုရေးနဲ့ အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီက ထုတ်ပြန်ပါတယ်။

“နေပြည်တော်ကပြောရမယ်ဆိုရင် အသစ်ပြန်ဆောက်ရမှာ။ အကုန်လုံးနီးပါးပြိုကျသွားတာပေါ့။ တချို့ဆို လုံးဝသုံးမရတဲ့အဆောက်အဦတွေရှိတယ်။ ရန်ကုန်ကိုတချို့တဝက်ရွှေ့နေပြီ” လို့ စစ်ကောင်စီလက်အောက် ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတဦးက New Day Myanmar ကိုပြောပါတယ်။

မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်က ၇၀ ရာခိုင်နှုန်းနီးပါးပျက်စီးသွားခဲ့တာဖြစ်ပြီး ဝန်ကြီးဌာနတွေနဲ့ ဝန်ထမ်းအိမ်ရာတွေ အများဆုံးပြိုကျပျက်စီးခဲ့တာ ဖြစ်ပါတယ်။

နေပြည်တော်ကို ဆောက်လုပ်ခဲ့ကြတဲ့ကုမ္ပဏီတွေမှာ ထင်ရှားတဲ့ ကုမ္ပဏီတွေကတော့ ခရိုနီဦးတေဇရဲ့ ထူး၊ ဦးချစ်ခိုင်ရဲ့ အေဒင်၊ လောစစ်ဟန်နဲ့ သူ့သား ဦးထွန်းမြင့်နိုင်ရဲ့ အေးရှားဝေါလ်၊ ဦးဇော်ဇော်ရဲ့ မက်စ်မြန်မာ၊ ဦးနေအောင်ရဲ့ IGE၊ ဦးရွှေမန်းသားတွေ ဖြစ်တဲ့ တိုးနိုင်မန်းနဲ့ အောင်သက်မန်းတို့ရဲ့ ဧရာရွှေဝါ၊ ဦးတင့်ဆန်းပိုင်တဲ့ ACE၊ ဦးရန်ဝင်းရဲ့ A1၊ ဦးသားဌေးရဲ့ OREGINAL GROUP၊ ဦးဝင်းထင်ကျော်ရဲ့ WHK၊ ဦးသိန်းညွှန့်ရဲ့ TZTM၊ ဦးရှိန်ဝင်းရဲ့ တက်လမ်း၊ ဗိုလ်ချုပ်ရဲမြင့်သား အောင်ဇော်ရဲမြင့်ရဲ့ မဟာရဲတံခွန်၊ အောင်ကောင်းကျော်၊ ရွှေဘုရင် စတဲ့ကုမ္ပဏီတွေပဲဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read