Homeပြည်တွင်းသတင်းNUG ထုတ်ပေးတဲ့ ဘွဲ့လက်မှတ်နဲ့ ဒူဘိုင်းမှာ ပညာဆက်လက်သင်ယူဖို့ကြိုးစားခဲ့မှုမှာ ပါဝင်သူ ခုနစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး

NUG ထုတ်ပေးတဲ့ ဘွဲ့လက်မှတ်နဲ့ ဒူဘိုင်းမှာ ပညာဆက်လက်သင်ယူဖို့ကြိုးစားခဲ့မှုမှာ ပါဝင်သူ ခုနစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး

၁၁ မတ်၊၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပေးတဲ့ ဘွဲ့လက်မှတ်နဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံ ဒူဘိုင်းမြို့မှာ ပညာသင်ယူဖို့အတွက် နိုတြီပြန်ပေးရာမှာပါဝင်ခဲ့သူ ခုနစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီက မနေ့က ထုတ်ပြန်ထားပါတယ်။

မန္တလေးဆေးတက္ကသိုလ်ကနေ ၂၀၂၀ ပြည့်နှစ်မှာ ဆေးပညာဘွဲ့လက်မှတ်ရခဲ့ပြီး တာဝန်ထမ်းဆောင်တာမရှိဘဲ ပြည်ပနိုင်ငံကို တရားမဝင်ထွက်ခွာသွားတဲ့ မကေဇင်ထွန်းဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ NUG ရဲ့ ဆေးတက္က သိုလ် (မန္တလေး)က ထုတ်ပေးတဲ့ ဆေးပညာဘွဲ့လက်မှတ်ကိုရခဲ့ပြီး အဆိုပါဘွဲ့လက်မှတ်ကို မကေဇင်ထွန်းက ရန်ကုန်မြို့မှာ မြန်မာကနေ အင်္ဂလိပ်ဘာသာကို နိုတြီပြန်ခဲ့ပြီး ဒူဘိုင်းမြို့မှာ ပညာဆက်လက်သင်ယူဖို့ လျှောက်ထားခဲ့တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

အဲဒီဘွဲ့လက်မှတ်ကို သံသယရှိတာကြောင့် ဒူဘိုင်းမြို့မှာရှိတဲ့ The Data flow Group Company က အတည်ပြုပေးဖို့ စစ်ကောင်စီထံ မတ်လ ၄ ရက်နေ့မှာ ဆက်သွယ်လာတာကြောင့် စိစစ်ရာမှာ တရား မဝင်ထုတ်ပေးထားတဲ့ လက်မှတ်ဖြစ်နေတာကို တွေ့ရတာကြောင့် NUG ထုတ်ပေးထားတဲ့ ဘွဲ့လက်မှတ်ကို နိုတြီပြန်ရာမှာ ပါဝင်ပတ်သက်ခဲ့တဲ့ မအိလဲ့လဲ့ထွန်း (Angel Online Notary Service)၊ ဦးဇာနည်လွင်(ခ)လပြည့် (လပြည့်ဝန်း နိုတြီဆိုင်ပိုင်ရှင်)၊ ရှေ့နေလှဝင်း(ရွှေပြည်အောင် နိုတြီဆိုင်ပိုင်ရှင်)နဲ့ မအေးသီတာ(အောင် နိုတြီဆိုင်ပိုင်ရှင်) တို့ လေးဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

အလားတူ NUG ထုတ်ပေးတဲ့ လက်မှတ်ကို နိုတြီပြန်ဆိုထားတဲ့ စာရွက်မှာ လက်မှတ်ထိုးပေးခဲ့တဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန နိုတြီဌာနစိတ် (ရန်ကုန်)က ဒုတိယ ညွှန်ကြားရေးမှူး အောင်ကျော်မိုးနဲ့ လက်မှတ်ထိုးတဲ့ ကိစ္စမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ရုံးအုပ် နိုင်နိုင်လတ်နဲ့ မောင်မောင်ချစ်စန်းဦးတို့ကိုလည်း ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

NUG ထုတ်ပေးတဲ့ လက်မှတ်ကို နိုတြီပြန်ဆိုမှုမှာ ပါဝင်ပတ်သက်ခဲ့သူတွေကို ထိရောက်စွာအရေးယူသွားမယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလကလည်း မြန်မာနိုင်ငံသား ကျောင်းသူနှစ်ဦး ထိုင်းနိုင်ငံ၊ ကျောင်းတက်ဖို့ NUG ထုတ်ပေးထားတဲ့ ဘွဲ့လက်မှတ်ကို နိုတြီပြန်ပေးခဲ့တဲ့ ရန်ကုန်မြို့က သုံးဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

Photo – စစ်ကောင်စီ

ဆက်စပ် သတင်းများ

Most read