Homeပြည်တွင်းသတင်းကန့်ဘလူ- ပလဖ အချုပ်စခန်း (၂) ရှိ အမျိုးသမီးများအား လိင်အကြမ်းဖက်မှု ဖြစ်စဉ်ဖော်ထုတ် အရေး ယူနိုင်ခြင်းမရှိသေး

ကန့်ဘလူ- ပလဖ အချုပ်စခန်း (၂) ရှိ အမျိုးသမီးများအား လိင်အကြမ်းဖက်မှု ဖြစ်စဉ်ဖော်ထုတ် အရေး ယူနိုင်ခြင်းမရှိသေး

၃၁ ဇန်နဝါရီ ၊၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနလက်အောက်ရှိ၊ ပြည်သူ့အု ပ်ချုပ် ရေးအဖွဲ့ (ပအဖ)နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) အဖွဲ့ဝင်များမှ C2 ဟုခေါ်သည့် ကန့်ဘလူ- ပလဖ အချုပ်စခန်း (၂) ရှိ အမျိုးသမီးများအား လိင်အကြမ်းဖက်မှု ဖြစ်စဉ်များကို NUG အနေနဲ့ ဖော်ထုတ် အရေးယူနိုင်ခြင်းမရှိသေးဘူးလို့ အမျိုးသမီးအဖွဲ့အစည်းများက ယနေ့မှာ ထုတ်ပြန်ထားပါတယ်။

အမျိုးသမီးများအား လိင်အကြမ်းဖက်မှု ကျုးလွန်မှုနှင့် ပတ်သက်၍ သတင်းထွက်ပေါ်နေသည်မှာ ၂ နှစ်နီးပါး ကြာမြင့်နေပြီဖြစ်ကြောင်း ၊ သတင်းထွက်ပေါ်မှုများနှင့် ကာယကံရှင်များ၏ အမှုဖွင့်တိုင်ကြားမှုအရ လိင်အကြမ်း ဖက်မှုမှာ တစ်မှုထက်ပို၍ ဖြစ်ပွားနေသလို အချို့အမှုမှာ မျက်မြင်သက်သေများနှင့်အတူ အဆင့်ဆင့် တိုင်ကြား မှုများရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သို့သော် သတင်းစတင်ထွက်ပေါ်ချိန်မှစ၍ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ (၂) ကြိမ်တိုင် စစ်ဆေးဖြေရှင်းမှုပြုလုပ်ခဲ့ပြီးသော်လည်း သံသယရှိသူများကို ပုံမှန်ရာထူးများအောက်တွင်ပင် စစ်ဆေး မှုပြုလုပ်ခဲ့ခြင်း၊ ရလဒ်နှင့် ပတ်သက်၍ တိုင်ကြားတင်ပြသူများပင် မသိရခြင်း၊ မည်သည့်အရေးယူဆောင်ရွက်မှု တစုံတရာမျှ ထွက်ပေါ်လာခြင်း မရှိခဲ့ဘူးလို့ဆိုပါတယ်။

ထို့ပြင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့မှာ NUG ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကလည်း ကန့်ဘလူ အချုပ်ခန်းအတွင်း လိင်အကြမ်းဖက်မှုဖြစ်စဉ်များနှင့် ပတ်သက်၍ အချို့ အမှုမှာ ကာယကံရှင်တွေကိုယ်တိုင် ကြေအေးသွားသည်ဆိုသည့် အစီရင်ခံစာ တက်လာမှုများရှိတယ်လို့ ပြောကြားထားပါတယ်။

အလားတူ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှာလည်း ကာယကံရှင် အမျိုးသမီး (၂) ဦးကိုယ်တိုင် အမှုဖွင့် တိုင်ကြား ထားသော် လည်း ယနေ့အချိန်အထိ သံသယရှိသူများဖြစ်တဲ့ NUG ဝန်ထမ်းများအား ဖမ်းဆီးစစ်ဆေးသည့် လုပ်ငန်းစဉ်ကို လုပ်ဆောင်နိုင်ရန် ပြည်ထဲရေးဝန်ကြီး၏ ခွင့်ပြုချက်ကို အချိန်ကြာမြင့်စွာ စောင့်ဆိုင်း နေရ သည့်အခြေအနေသည် အမျိုးသမီးများ အကြမ်းဖက်မှုကို အဆုံးသတ်မည်ဟု ကြွေးကြော်နေသည့် အမျိုးသား ညီညွှတ်ရေးအစိုးရ (NUG)အတွက် အကျည်းတန်သည့် အခြေအနေဖြစ်တယ်လို့ ထုတ်ပြန်ချက် မှာဖော်ပြ ထားပါတယ်။

ထိုကဲ့သို့ အခြေအနေများသည် ကျူးလွန်သူများအား ပြစ်ဒဏ်မှ ကင်းလွှတ်ခွင့်ပေးနေခြင်းပင်ဖြစ်၍ ထိုလုပ် ရပ်အပေါ် မိမိတို့ အမျိုးသမီးအဖွဲ့အစည်းများအနေဖြင့် ပြင်းထန်စွာ ရှုတ်ချကာ ကာယကံရှင်များ၏ လက်ရှိ အမှုဖွင့်တိုင်ကြားချက်များကို အမြန်ဆုံး အရေးယူဆောင်ရွက်ရန်နှင့် ယခင် ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန် ယူခဲ့သည့် စစ်ဆေးရေးလုပ်ငန်းစဉ်များ အားလုံးကို အမျိုးသားညီညွှတ်ရေး အစိုးရအနေဖြင့် ပွင့်လင်းမြင်သာ မှုရှိစွာ ပြန်လည်တာဝန်ခံ ဖြေရှင်းပေးရန် အမျိုးသမီးအဖွဲ့အစည်းက တောင်းဆိုထားပါတယ်။

အာဏာရှင်နှင့် စစ်အာဏာရှင်ကို တော်လှန်ပြီး ငြိမ်းချမ်းမှု၊ တရားမျှတမှုရှိသော လူမူအသိုင်းအဝိုင်း တစ်ရပ်ကို တည်ထောင်ရန် ကြိုးပမ်းနေသည့် အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်ခွင့် ပေးနေသည့် အလေ့အထ (System of Impunity) ကို ကျင့်သုံးနေခြင်းသည် မိမိတို့ဖော်ဆောင်လိုသည့် အနာ ဂတ်အတွက် ခြိမ်းခြောက် အကန့်အသတ်ဖြစ်စေသည့်အပြင် အရပ်သားပြည်သူအကာအကွယ်ပေးရေးကို မျက်ကွယ်ပြုရာမြောက်ကြောင်း၊ System of Impunity ကျင့်သုံးနေမှုများကို ချက်ချင်းရပ်တန့်ရန် အထူးကြိုး ပမ်းလုပ်ဆောင်ရမယ်လို့ အမျိုးသမီးအဖွဲ့အစည်းကဆိုပါတယ်။

ထို့ကြောင့် ကန့်ဘလူစခန်းတွင် ဖြစ်ပွားသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအဝင် အလားတူ အမှုကိစ္စများကို ကျုးလွန်သည့် ကျူးလွန်သူများအား ထိရောက်စွာအပြစ်ပေးအရေးယူရန်နှင့် နစ်နာသူ အမျိုးသမီး၊ မိန်းကလေး ငယ်များအတွက် အမှန်တရား၊ တရားမျှတမှု အမြန်ဖော်ဆောင်ပေးရန်၊ ထို့အပြင် တော်လှန်ရေးအစိုးရ အနေဖြင့် အစိုးရဌာနအသီးသီး၌ အလားတူ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ဆက်လက်မဖြစ်ပွားရန်နှင့် ကြိုတင် တားဆီးရန်အတွက် ပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်လုပ် ဆောင်ရန်၊ အမျိုးသမီးငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မဟာဗျူဟာမူဘောင်ကို အမြန်ဆုံး လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရန် ပြည်သူ့စစ်သားဇနီးများ အမျိုးသမီးများအဖွဲ့ချုပ် ကအသိပေး တိုက် တွန်းထားပါတယ်။

Photo- WLB

ဆက်စပ် သတင်းများ

Most read