၈ ဇန်နဝါရီ၊ ၂၀၂၅
၂၀၂၅ ခုနှစ်မှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) အနေနဲ့ ပြုပြင်ပြောင်းရေးတွေ မြန်မြန်ဆန်ဆန်လုပ်ဖို့ လိုအပ်တယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဇန်နဝါရီ ၇ ရက်မှာပြုလုပ်တဲ့ NUG အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောဆိုသွားပါတယ်။
NUG အစိုးရကို ကျစ်လျစ်ထိရောက်စွာ အလုပ်လုပ်နိုင်စေဖို့ ပြုပြင်ပြောင်းလဲရေးကိစ္စ၊ အုပ်ချုပ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး နဲ့ တော်လှန်ရေးအင်အားစုတွေနဲ့မဟာမိတ်ဆက်ဆံရေးတိုးမြှင့်ဖို့ စတဲ့အချက်သုံးချက်ကို အမြန်ဆုံးလုပ်ဆောင်ဖို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
“လုပ်ဆောင်စရာတွေများပြားလှတဲ့အထဲက အထက်မှာကျွန်တော် ပြောခဲ့တဲ့အချက်သုံးချက်ကတော့ ဒီလတွေအတွင်းမှာကိုပဲ မြန်မြန်ဆန်ဆန် လုပ်ဆောင်ကြရမယ့် ကဏ္ဍတွေဖြစ်ကြောင်း တိုက်တွန်းပြောကြားလိုပါတယ်” လို့ NUG ဝန်ကြီးချုပ်က ဆိုပါတယ်။
ဒီအစည်းအဝေးမှာ NUG ယာယီသမ္မတဒူဝါလရှီးလကလည်း ၂၀၂၅ ခုနှစ်ဟာ NUG အစိုးရအဖွဲ့အတွက် ကိုယ်တိုင်ပြုပြင်ပြောင်းလဲရေးတွေ စတင်ရမယ့်နှစ်ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
ပြည်ပရောက်နေတဲ့ NUG အစိုးရအဖွဲ့ဝင်တွေအနေနဲ့ ပြည်တွင်းမှာ အင်အားပြန်လည်တည်ဆောက်ဖို့လိုအပ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက နိုဝင်ဘာလအတွင်းကျင်းပတဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုဖူးပါတယ်။
ပုံစာ – NUG ဝန်ကြီးချုပ် ရန်ကုန်PDF တပ်ရင်းတွေဆီ သွားရောက်စဉ်
ဓာတ်ပုံ – NUG