၁၁ ဒီဇင်ဘာ၊ ၂၀၂၃
မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး တရုတ်စီမံကိန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ကာကွယ်ပေးဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တောင်းဆိုထားတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မော်နင်း (Mao Ning) က ပြောဆိုပါတယ်။
ဒီဇင်ဘာ ၁၀ရက်က ပြုလုပ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ”KIA ကိုယ်စားလှယ်အဖွဲ့က တွေ့ဆုံဆွေးနွေးဖို့ တရုတ်နိုင်ငံကိုရောက်ရှိလာကြောင်း”နဲ့ပတ်သတ်တဲ့ အေအက်ဖ်ပီသတင်းထောက်ရဲ့မေးမြန်းမှုကို အခုလိုဖြေဆိုလိုက်တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်း အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး အပစ်အခတ်ရပ်စဲဖို့နဲ့ တရုတ်စီမံကိန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ မြန်မာနိုင်ငံက ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို ထိခိုက်ပျက်စီးမှုက ကာကွယ်ဖို့ မြန်မာနိုင်ငံက သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တောင်းဆိုထားတယ်လို့ သူမက ပြောဆိုပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲတွေကို တက်ကြွစွာ ဆက်လက်မြှင့်တင်ပြီး မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အစွမ်းကုန် ပံ့ပိုးကူညီမှုများ ပံ့ပိုးပေးသွားမယ်လို့လည်း ဖြေကြားပါတယ်။
ဒီဇင်ဘာလ ၈ ရက်က တရုတ်အာဏာပိုင်တွေနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA/KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့အဖွဲ့တို့ တရုတ်နိုင်ငံထဲမှာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ သတင်းတွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုထားပေမယ့် အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ခြင်းမရှိပါဘူး။
Photo – တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန