၂၅ နိုဝင်ဘာ၊ ၂၀၂၄
ကချင်ပြည်နယ်က တရုတ်-မြန်မာနယ်စပ်ဂိတ်တွေကို တရုတ်ဘက်က ပိတ်ထားပြီး စားသောက်ကုန်၊ စက်သုံးဆီအပါအဝင် ဘယ်ပစ္စည်းကိုမှ တင်သွင်းခွင့်မရှိတဲ့အတွက် စားသောက်ကုန်အပါအဝင် တချို့ကုန်ပစ္စည်းတွေ ပြတ်လပ်နေပြီး ဈေးတွေလည်း မြင့်တက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ဂိတ်ပြန်ဖွင့်မယ့် သတင်းတော့မရသေးဘူး။ လောလောဆယ်တော့ ပစ္စည်းတွေပြတ်လာတယ်။ အကုန်နီးပါးလို့ပြောရမှာပဲ။ ဘာပစ္စည်းမှ ထပ်မဝင်တော့တာ ။ ဒီမှာတစ်ချို့ကုန်စုံဆိုင်တွေက တရုတ်ဘက်ကပစ္စည်းမှာထားတာ တရုတ်ဂိတ်ပေါက်ဝမှာ ကားတွေသောင်တင်နေတယ် ပြောတယ်” လို့ ကချင်ပြည်နယ် မိုးမောက်ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
တရုတ်အစိုးရက အောက်တိုဘာလ ၂၀ ရက်မှ တရားဝင်ပိတ်ကြောင်း ကြေညာထားပေမယ့် ကြေညာချက်မထွက်ခင် သုံးရက် လေးရက်အလိုထဲက ကုန်ကားနဲ့ ဆီကားတွေကို ပေးမဖြတ်တော့ကြောင်း ဒေသခံတွေက ပြောဆိုပါတယ်။
တရုတ်ပြည်၊ ယူနန်အာဏာာပိုင်တွေကတော့ နယ်မြေမငြိမ်းချမ်းလို့ဆိုတဲ့အကြောင်းပြထားပေမယ့် တကယ်တမ်းက တော်လှန်ရေးတပ်ဖွဲ့အုပ်ထိန်းတဲ့ဒေသတွေဆီ စားသောက်ကုန်၊ လျှပ်စစ်၊ စက်သုံးဆီ မရောက်စေချင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
တရုတ်ဘက်က ကုန်စည်စီးဆင်းမှု ပိတ်ထားတာက စစ်ခေါင်းဆောင်နဲ့ တရုတ်ဝန်ကြီးချုပ်တို့တွေ့ဆုံပြီးမှ ပိတ်တာ ဖြစ်ပါတယ်။
တရုတ်မြန်မာနယ်စပ်ကို တရုတ်က ပိတ်ထားတဲ့အပြင် မြန်မာပြည်အောက်ပိုင်းကလည်း ကုန်ပစ္စည်းနဲ့ စားသောက်ကုန်များ တင်ပို့နိုင်ခြင်း မရှိဘူးလို့ ဒေသခံတစ်ဦးက ရှင်းပြပါတယ်။
“ခုလောလောဆယ်တော့ တရုတ်ဘက်ကကော ဒီအောက်ဘက်ကရော ပိတ်တယ်ကြားတယ်။ အဲဒီဘက်တွေကဝေးတော့ ဒီဘက်က ပစ္စည်းတွေလည်း မရောက်ဘူး” လို့ မြစ်ကြီးနားဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ နိုဝင်ဘာလ ၂၀ ရက် ညနေပိုင်းက ကန်ပိုက်တည်ကို သိမ်းယူပြီးနောက်မှာ ကချင်ပြည်နယ်၊ အထူးဒေသ ၁ တစ်ခုလုံးကို သိမ်းပိုက်ထိန်းချုုပ်ထားတာ ဖြစ်ပါတယ်။
ပုံစာ – ကန်ပိုက်တည်နယ်စပ်ဂိတ်(ပုံဟောင်း)
Photo – CJ