၁၃ နိုဝင်ဘာ၊ ၂၀၂၄
၁၀၂၇ စစ်ဆင်ရေးမှာ သိမ်းပိုက်ရရှိထားတဲ့ မြို့နယ် ၁၂မြို့ကို ဆက်လက်ကာကွယ်စောင့်ရှောက်သွားဖို့ အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းရဲဘော်တွေကို TNLAစစ်ဦးစီးအရာရှိချုပ်က တိုက်တွန်းမှာကြားခဲ့ကြောင်း TNLA က နိုဝင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
တအာင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA) အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲကို တအာင်းပြည် ထိန်းချုပ်နယ်မြေမှာ နိုဝင်ဘာ ၉ရက် နံနက်ပိုင်းက ကျင်းပပြီး TNLAစစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် တားနော်ရိူန်းက အခုလို ပြောကြားတာ ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိထားတဲ့ မြို့နယ် (၁၂)မြို့ကို ဆက်လက်ကာကွယ်စောင့်ရှောက်ဖို့ တစ်ဦးချင်းမှာ တာဝန်ရှိကြောင်း၊ မိမိလူမျိုးနဲ့ အနာဂတ်မျိုးဆက်သစ်အတွက် မျိုးချစ်စိတ်ဓာတ် ထားရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ TNLA ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ နောင်ချို၊သီပေါ၊ ကျောက်မဲ၊ နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ မိုးကုတ်၊ မန်တုံ၊နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်းနဲ့ မိုင်း ငေါ့မြို့နယ်တွေကို သိမ်းပိုက်ထိမ်းချုပ်ထားပါတယ်။
သင်တန်းဌာနမှူး ဗိုလ်မှူးတားပခူးကလည်း စစ်သားတစ်ဦးမှာ ထားရှိသင့်တဲ့ ရဲဘော်၊ ရဲဘက်စိတ် မွေးမြူထားရှိဖို့၊ မိမိလူမျိုး၊ မိမိရဲဘော်အချင်းချင်း မှန်ကန်တဲ့ စိတ်ထားကောင်း ထားရှိဖို့၊ မိမိအထက်လူကြီးတွေရဲ့ အမိန့်နာခံဖို့ ၊ မိမိကြောင့် ပြဿနာမဖြစ်ပွားအောင် မိမိကိုယ်ကို ထိန်းသိမ်းဖို့၊ တပ်သားတစ်ဦးမှာ ဖြတ်ထိုးဉာဏ်နဲ့ သွက်လက်ဖြတ်လပ်မှု ရှိဖို့ မှာကြားခဲ့တယ်လို့ ဖော်ပြပါတယ်။
အမျိုးသားအထူးတိုက်ခိုက်ရေးသင်တန်းမှာ အမှတ်စဥ်(က)နဲ့ (ခ) ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းသား စုစုပေါင်း ၁,၀၀၀ ကျော် တက်ရောက်ပြီးမြောက်ခဲ့တယ်လို့ဆိုပါတယ်။ အမျိုးသမီး စစ်သင်တန်းအမှတ်စဥ်(၆၆) (ဂ)သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၁၁ရက်မှာ ကျင်းပပြီး သင်တန်းသူ ၂၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။
သင်တန်းဆင်းအမျိုးသမီးစစ်မေတွေကို PSLF/TNLAရဲ့ အဓိက ဌာနဆိုင်ရာဖြစ်တဲ့ အုပ်ချုပ်ရေးဌာန တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာန၊ သတင်းနှင့် ပြန်ကြားရေးဌာန၊ ဗဟိုရုံးချုပ်နဲ့ စစ်ဦးစီးချုပ်ရုံးတွေမှာ တာဝန်ခွဲအပ်ပေးတယလို့ ဆိုပါတယ်။
Photo – PSLF/TNLA