၂၄ အောက်တိုဘာ၊ ၂၀၂၄
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှာ ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် သခွတ္တောကျေးရွာက အမျိုးသမီး တစ်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့အမှုက တရားခံ ပြည့်ထွန်းနိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘို ခရိုင်တပ်ရင်း (၂)၊ တပ်ခွဲ (၁) ဒုတပ်ခွဲမှူးကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တယ်လို့ NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
NUG အကျဉ်းစစ်တရားရုံးချုပ် စစ်ဆေးချက်အရ အမျိုးသမီးကို ပစ်သတ်ခဲ့ကြောင်း အမှုမှန်ပေါက်တဲ့အတွက် ဒုတပ်ခွဲမှူး ပြည့်ထွန်းနိုင် (ခ) လင်းစေ ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တယ်လို့ အောက်တို ဘာ ၂၂ ရက်မှာ NUG က ထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက် ညနေပိုင်းက သမီးရည်းစားချင်း စကားများကြပြီး ရဲဘော် ပြည့်ထွန်းနိုင်က အမျိုးသမီးကို သေနတ်နဲ့ တစ်ချက်တည်း ပစ်သတ်ခဲ့တာဖြစ်ပါတယ်။
ဒီအမှုကို စစ်ဆေးကြားနာဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၉ ရက် ရက်စွဲပါ အမိန့် အမှတ် (၁၀၃/၂၀၂၄) နဲ့ အကျဉ်းစစ်တရားရုံးချုပ်အမှတ် (၂/၂၀၂၄) ကို ဖွဲ့စည်းတာဝန်ပေးခဲ့ပါတယ်။
အကျဉ်းစစ်တရားရုံးချုပ် တရားသူကြီးများအဖွဲ့က စစ်ဆေးကြားနာခဲ့ပြီး တရားခံ ရဲဘော် ပြည့်ထွန်းနိုင် (ခ) လင်းစေ ဟာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတဲ့အတွက် ၁၉၅၉ ခုနှစ်၊ တပ်မတော် အက်ဥပဒေပုဒ်မ ၇၁ (က)/ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၂) အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၀) နှစ် (ဆယ်နှစ်) ကျခံစေဖို့နဲ့ စစ်တရားရုံး လုပ်ထုံးလုပ်နည်း အပိုဒ် – ၈၁ အရ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်မှာ အတည်ပြု အမိန့်ချမှတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။
Photo – NUG MOD