Homeပြည်တွင်းသတင်းဖားကန့်မြို့နယ်က သတင်းထောက်နှစ်ဦးကို KIA ဖမ်းဆီး

ဖားကန့်မြို့နယ်က သတင်းထောက်နှစ်ဦးကို KIA ဖမ်းဆီး

၃ အောက်တိုဘာ၊ ၂၀၂၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က အလွတ်တန်း သတင်းသမား ၂ဦးကို စက်တင်ဘာ ၂၉ ရက်ထဲက ကချင်လွတ်မြောက်ရေးတပ်တော် (KIA)က ဖမ်းဆီးပြီး အောက်တိုဘာ ၃ ရက် နေ့လည်ပိုင်းထိ မိသားစုနဲ့ အဆက်အသွယ်မရသေးဘူးလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

KIA ဖမ်းဆီးတာ ခံထားရသူတွေဟာ ဖားကန့်မြို့နယ်က ဒေသတွင်းသတင်းရေးသားသူ ကိုတာလင်းမောင်နဲ့ ကိုနောင်ရိုးတို့ ဖြစ်ပါတယ်။ ကိုတာလင်းမောင်ကို ကေအိုင်အေက အရင်ဖမ်းဆီးလိုက်တာဖြစ်ပြီး ကိုနောင်ရိုးကတော့ စိတ်ပူလို့ လိုက်သွားရာက သူပါ အဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

ကိုတာလင်းမောင်ဟာ PDF တွေ တာဝန်ယူထားတဲ့ Jade Garden စားသောက်ဆိုင်၊ ရေကူးကန်က ဝန်ထမ်းတွေကို KIA/KIO က အကြောင်းမကြားဘဲ ကယ်ထုတ်တဲ့ကိစ္စကို လူမှုကွန်ယက်မှာ ရေးသားလိုက်တဲ့အတွက် ဖမ်းခံလိုက်ရတယ်လို့ သိရပါတယ်။

“ဖမ်းသွားတာက တာဝန်ကျ PDF တွေကို အကြောင်းမကြားဘဲ Jade Garden က ဝန်ထမ်းတွေကို KIA က တိုက်ရိုက်ဝင်ကယ်သွားတာကို ကိုတာလင်းမောင်က ရေးလို့ပါ။ ၂၆ ရက်နေ့က KIO အရာရှိ Lion ခိုင်းလို့ KIO တိုက်နယ်မှူးက ဝင်ကယ်တာ၊ ဒီဆိုင်နဲ့ ဟွာကျင် ဆီဆိုင်က KIO က အရာရှိကြီးတစ်ယောက်ရဲ့ သမက် အားတောက်ပိုင်တာပါ။ သူ့ကို လာဖမ်းတာ ဆိုင်းတောင်က အားယော်တို့ KIA တပ်လို့ ပြောတယ်။ သေနတ်တွေလည်း ပါတယ်။ အိမ်ကို လာပြီး ရှာတာ မတွေ့တော့ ဆိုင်းတောင်မှာ ဖမ်းသွားတာ” လို့ နီးစပ်သူတွေက ဆိုပါတယ်။

နောက်တစ်ယောက်ဖြစ်တဲ့ ကိုနောင်ရိုးကတော့ ကိုတာလင်းမောင်ကို စိတ်ပူလို့လိုက်သွားတာကို KIA က ပြန်မလွှတ်တော့ဘူးလို့ သိရပါတယ်၊ ကိုနောင်ရိုးကို စက်တင်ဘာ ၃၀ မှာ ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။

ကိုတာလင်းမောင်ဟာ ဖမ်းဆီးခံရပြီးနောက် သူတင်ထားတဲ့ပို့စ်တွေပါ ဖျက်သွားတယ်လို့ သိရပါတယ်။ သတင်းသမားနှစ်ဦးကို ဖမ်းဆီးထားတာနဲ့ပတ်သတ်ပြီး KIAတပ်မဟာ (၉) နဲ့ တပ်ရင်း (၆) ကိုမေးမြန်းရာမှာ မသိသေးဘူးလို့ ဖြေကြားခဲ့ကြောင်း ဆိုပါတယ်။

ကိုတာလင်းမောင်ဟာ ၂၀၂၁ အာဏာသိမ်းမှုဖြစ်တဲ့အခါ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှာ သတင်းထောက်ရာထူးကနေ CDM ဝင်ခဲ့ပြီး ပြန်/ဆက်ဦးစီးနဲ့ ကိုတာလင်းမောင်ဟာ ဖားကန့်နယ်မြေမှာ အစောဆုံး CDM ဝင်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

ကိုနောင်ရိုးဟာ ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်မှာ စစ်ကောင်စီက ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကနဲ့ တရားစွဲ ထောင်ချခံရပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ ပြန်လည်လွတ်မြောက်လာခဲ့သူဖြစ်ပါတယ်။

ဖားကန့်ဒေသမှာ စစ်ရှောင် ၄ ထောင်ဝန်းကျင်ရှိပြီး မှော်ရှန် ဘုန်းကြီးကျောင်းနဲ့ မှော်စီစာဘုန်းကြီးကျောင်းတို့ မှာခိုလှုံနေတယ်လို့ ဆိုပါတယ်။

Detained Journalists Information Myanmar က တရားဝင် ရရှိထားတဲ့စာရင်းဇယားတွေအရ အာဏာသိမ်းပြီး သတင်းထောက် ၁၇၂ ဦး ဖမ်းဆီးခံထားရပြီး ၅၂ ဦးဟာ အခုထိ အဖမ်းဆီးခံထား ရဆဲဖြစ်ပါတယ်။ ပိတ်သိမ်းခံထားရတဲ့ သတင်းမီဒီယာ ၁၅ခု ရှိနေပြီလို့ သိရပါတယ်။

ပုံစာ – ကိုတာလင်းမောင်(အင်္ကျီမီးခိုး)၊ ကိုနောင်ရိုး(အင်္ကျီပန်းရောင်)

Photo – TarLinMg/NaungYoe – facebook

ဆက်စပ် သတင်းများ

Most read