Homeပြည်တွင်းသတင်းစစ်ကောင်စီကို တိုင်းပြည်နဲ့လူမျိုးရဲ့ ရန်သူ (Enemy of the State) အဖြစ် သတ်မှတ်ကြောင်း NUG ကြေညာ

စစ်ကောင်စီကို တိုင်းပြည်နဲ့လူမျိုးရဲ့ ရန်သူ (Enemy of the State) အဖြစ် သတ်မှတ်ကြောင်း NUG ကြေညာ

၅ စက်တင်ဘာ၊ ၂၀၂၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမည်ခံ အကြမ်းဖက်စစ်အုပ်စုကို တိုင်းပြည်နှင့် ပြည်သူလူထုရဲ့ ရန်သူ(Enemy of the State)အဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က စက်တင်ဘာ ၅ရက် ဒီနေ့မနက်မှာ ထုတ်ပြန်ကြေညာပါတယ်။

အကြမ်းဖက် စစ်ကောင်စီဟာ မြန်မာနိုင်ငံကို အလုံးစုံ ပျက်သုန်းရေးကို ဦးတည်ပြီး လုပ်ဆောင်နေတဲ့အဖွဲ့ဖြစ်ပြီး အမျိုးသားလုံခြုံရေး နှင့် ကာကွယ်ရေးကို ပျက်စီးထိခိုက်စေတဲ့အတွက်ကြောင့် Enemy of the State အဖြစ် သတ်မှတ်တာဖြစ်တယ်လို့ NUG က ဆိုပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမည်ခံ အကြမ်းဖက်စစ်အုပ်စုဟာ အရပ်သားပြည်သူတွေကို စစ်ပွဲတွေမှာ လူသားဒိုင်းအဖြစ် အသုံးပြုဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ အသက်(၁၈) နှစ်က (၃၅) နှစ်အတွင်းရှိ လူငယ်တွေနဲ့ အသက် (၃၅) နှစ်က အသက် (၆၅) နှစ်အတွင်းရှိ သက်ကြီးပိုင်းပြည်သူလူထုတွေကို အတင်းအဓမ္မ တိုက်ပွဲဝင်ခိုင်းဖို့ ပြင်ဆင်ကြိုးစားနေပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ ပြည်သူလူထုရဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမူရေးစတဲ့ အကျိုးစီးပွား နဲ့ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို ထိပါးစေတဲ့ လုပ်ရပ်တွေကို ကျူးလွန်နေပါတယ်။ အမျိုးသား လုံခြုံရေးနဲ့ ကာကွယ်ရေးကို ပျက်စီးထိခိုက်စေတဲ့အဖွဲ့ဖြစ်တာကြောင့် တိုင်းပြည်နှင့် ပြည်သူလူထုရဲ့ ရန်သူ(Enemy of the State)အဖြစ် သတ်မှတ်တာ ဖြစ်တယ်လို့ NUG ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေနဲ့ ကာကွယ်ရေး၊ လုံခြုံရေးယန္တရားတွေမှာ ပါဝင်ဆောင်ရွက်တာ၊ အားပေးကူညီတာစတဲ့ လုပ်ရပ်တွေကို နိုင်ငံတော်နဲ့ ပြည်သူလူထုကို သစ္စာဖောက်ဖျက်မှု နဲ့ အကြမ်းဖက် စစ်ရာဇဝတ်မှုကျူးလွန်ဖို့ ထောက်ခံအားပေးတဲ့ ရာဇဝတ်လုပ်ရပ်တွေအဖြစ် သတ်မှတ်တယ်လို့ NUG က ဖော်ပြပါတယ်။

ပြည်သူတွေအနေနဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ စီမံဆောင်ရွက်စေခိုင်းတွေကို နည်းမျိုးစုံနဲ့ ဆန့်ကျင်တွန်းလှန်ဖို့ NUG က တိုက်တွန်းထားပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုကို ထိရောက်ပြင်းထန်စွာအရေး ယူဆောင်ရွက်ပေးကြဖို့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို လိုလားတဲ့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေကို NUG ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။

Photo – NUG

ဆက်စပ် သတင်းများ

Most read