Homeပြည်တွင်းသတင်းမုတ်သုံလေအားကောင်းနေပြီး တိုင်းနဲ့ပြည်နယ် ၇ ခုမှာ မိုးကြီးနိုင်၊ မြစ်ရေအချို့လည်း စိုးရိမ်ရေမှတ်နီးလာ

မုတ်သုံလေအားကောင်းနေပြီး တိုင်းနဲ့ပြည်နယ် ၇ ခုမှာ မိုးကြီးနိုင်၊ မြစ်ရေအချို့လည်း စိုးရိမ်ရေမှတ်နီးလာ

ဩဂုတ် ၁၂၊ ၂၀၂၆ | New Day Myanmar

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားကောင်းနေတဲ့အတွက် ဒီနေ့ ဩဂုတ် ၁၂ ရက်မှာ မြန်မာနိုင်ငံအနှံ့ မိုးဆက်ရွာနိုင်ပြီး ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းနဲ့ ကချင်၊ ကရင်၊ မွန်၊ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့ မနက် ၇ နာရီထုတ်ပြန်ချက်အရ မန္တလေး၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ ကယားပြည်နယ်မှာ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပြီး ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ နေရာအနှံ့အပြား မိုးရွာနိုင်ပါတယ်။ မိုးရွာနိုင်ခြေကို ၁၀၀ ရာခိုင်နှုန်းလို့ ခန့်မှန်းထားပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေပြီး အဲဒီမိုးတိမ်တောင်တွေ ရွေ့လျားရာလမ်းကြောင်းတစ်လျှောက် လေပြင်းတိုက်တာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာတွေ ဖြစ်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။

နောက်နှစ်ရက်အတွင်းလည်း ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းနဲ့ ကရင်၊ မွန်၊ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။ နေပြည်တော်နဲ့ ရန်ကုန်မှာ ဒီနေ့ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ကနေ မိုးအနည်းငယ်ပိုရွာနိုင်ပြီး မန္တလေးမှာ နေရာကွက်ပြီး မိုးရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ပင်လယ်ပြင်အခြေအနေကလည်း သတိထားရမယ့်အနေအထားမှာ ရှိနေပါတယ်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ မိုးသက်လေပြင်းကျချိန် လေတိုက်နှုန်း တစ်နာရီ မိုင် ၃၅ မိုင်အထိ ရှိနိုင်ပြီး လှိုင်းအမြင့် ၁၀ ပေကနေ ၁၃ ပေအထိ မြင့်နိုင်ပါတယ်။

နိုင်ငံတကာမိုးလေဝသအချက်အလက်အရတော့ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာ အထက်လေထုလေဝဲလည်ပတ်မှု ဖြစ်ပေါ်နေပြီး အဲဒီစနစ်ရဲ့ အရှိန်ကြောင့် ဒီနေ့ ဩဂုတ် ၁၂ ရက်ဝန်းကျင်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်လာနိုင်တယ်လို့ အိန္ဒိယမိုးလေဝသဌာန IMD က ခန့်မှန်းထားပါတယ်။ ဒီစနစ်ကြောင့် အနောက်ဘင်္ဂလားနဲ့ အနီးတဝိုက်ဒေသတွေမှာ ဩဂုတ် ၁၁ ရက်ကနေ ၁၅ ရက်အတွင်း မိုးကြီးတာ၊ လေပြင်းတိုက်တာတွေ ဖြစ်နိုင်ပြီး မြောက်ဘင်္ဂလားပင်လယ်မှာ ငါးဖမ်းသမားတွေ မထွက်ဖို့လည်း သတိပေးထားပါတယ်။

တစ်ဖက်မှာလည်း ဧရာဝတီမြစ်ရေက မြို့အချို့မှာ စိုးရိမ်ရေမှတ်ကို နီးလာနေပါတယ်။ ဒီနေ့ မနက် ၆ နာရီခွဲ တိုင်းတာချက်အရ ဆိပ်သာမြို့မှာ စိုးရိမ်ရေမှတ်အောက် ၃၀ စင်တီမီတာအလိုအထိ ရောက်နေပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်လာနိုင်ပါတယ်။ ဟင်္သာတမှာတော့ စိုးရိမ်ရေမှတ်အောက် ၅၆ စင်တီမီတာနဲ့ ဇလွန်မှာ ၆၁ စင်တီမီတာအလိုကို ရောက်နေပြီး နောက်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

ဒါ့အပြင် မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ဘားအံ၊ မဒေါက်နဲ့ မြစ်ငယ်တို့မှာတော့ မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ဆက်လက်ရှိနေပါတယ်။ အထူးသဖြင့် ညောင်ဦးမှာ စိုးရိမ်ရေမှတ်အထက် ၈၂ စင်တီမီတာ၊ ဘားအံမှာ ၈၈ စင်တီမီတာနဲ့ မြစ်ငယ်မှာ ၁၀၈ စင်တီမီတာအထိ ကျော်လွန်နေပါတယ်။

မိုးဆက်များနိုင်ပြီး မြစ်ရေတက်လာနိုင်တဲ့အတွက် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေ၊ တောင်စောင်းဒေသမှာ နေထိုင်သူတွေအနေနဲ့ ရေကြီးတာ၊ ရုတ်တရက်ရေဝင်တာနဲ့ မြေပြိုတာတွေကို ကြိုတင်သတိထားဖို့ လိုပါတယ်။ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေအနေနဲ့လည်း ပင်လယ်ပြင်ထွက်မယ်ဆိုရင် နောက်ဆုံးမိုးလေဝသထုတ်ပြန်ချက်တွေကို စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။

Related News

Most Read