Homeပြည်တွင်းသတင်းမြောက်ကိုရီးယားနဲ့ ပူးပေါင်းဆောင်ရွက်မှုတိုးဖို့ မင်းအောင်လှိုင် ဆွေးနွေး

မြောက်ကိုရီးယားနဲ့ ပူးပေါင်းဆောင်ရွက်မှုတိုးဖို့ မင်းအောင်လှိုင် ဆွေးနွေး

၂၃ ဇူလိုင် ၂၀၂၆ | New Day Myanmar

နေပြည်တော်အစိုးရ သမ္မတ မင်းအောင်လှိုင်ဟာ သံတမန်တာဝန်ပြီးဆုံးလို့ ပြန်လည်ထွက်ခွာတော့မယ့် မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ် ဂျောင်ဟိုဘွန်ကို ဇူလိုင် ၂၂ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ သမ္မတရုံးမှာ တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံသံတမန်ဆက်ဆံရေးနဲ့ ချစ်ကြည်ရေးကို ဆက်လက်မြှင့်တင်ဖို့၊ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုခိုင်မာလာအောင် လုပ်ဆောင်ဖို့ ဆွေးနွေးခဲ့တယ်လို့ နေပြည်တော်အစိုးရက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေ၊ မြောက်ကိုရီးယားရဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ၊ နိုင်ငံတကာဆက်ဆံရေးမူဝါဒတွေနဲ့ နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းနိုင်မယ့်ကဏ္ဍတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဘယ်လိုကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ ဆွေးနွေးခဲ့တယ်ဆိုတာကိုတော့ နေပြည်တော်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ အသေးစိတ်ဖော်ပြထားခြင်း မရှိပါဘူး။

မြောက်ကိုရီးယားဟာ နျူကလီးယားလက်နက်နဲ့ ပဲ့ထိန်းဒုံးကျည်အစီအစဉ်တွေကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ကျယ်ပြန့်တဲ့ အရေးယူပိတ်ဆို့မှုတွေ ခံနေရတဲ့နိုင်ငံဖြစ်ပါတယ်။ ကုလသမဂ္ဂကျွမ်းကျင်သူတွေရဲ့ ယခင်အစီရင်ခံစာတွေမှာလည်း မြောက်ကိုရီးယားနဲ့ မြန်မာစစ်တပ်ကြား လက်နက်နဲ့ စစ်ဘက်နည်းပညာဆိုင်ရာ ဆက်သွယ်မှုတွေရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနဲ့ မြောက်ကိုရီးယားတို့ဟာ ၁၉၈၃ ခုနှစ် ရန်ကုန်ဗုံးခွဲမှုနောက်ပိုင်း သံတမန်ဆက်ဆံရေး ဖြတ်တောက်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ ပြန်လည်ထူထောင်ခဲ့တာပါ။ ၂၀၁၇ ခုနှစ်မှာတော့ ကုလသမဂ္ဂအရေးယူပိတ်ဆို့ထားတဲ့ မြောက်ကိုရီးယားလက်နက်ကုမ္ပဏီနဲ့ ဆက်နွှယ်သူ သံတမန်တဦးကို မြန်မာနိုင်ငံက နှင်ထုတ်ခဲ့ဖူးပါတယ်။

Related News

Most Read