၁၅ ဇူလိုင် ၂၀၂၆ | New Day Myanmar
ထိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးတွေ ဦးဆောင်ကျင်းပခဲ့တဲ့ မကြာသေးခင် ဆွေးနွေးပွဲတွေဟာ စစ်အုပ်စုနဲ့ တရားဝင်နိုင်ငံရေးဆွေးနွေးပွဲ ဒါမှမဟုတ် စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ် စတင်တာ မဟုတ်ကြောင်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) က ဇူလိုင် ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။
SCEF အဖွဲ့ဝင်တွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီပြည်၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ဟာ မြန်မာ့အရေးဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်နဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ ပီ လာဇာရိုရဲ့ ဖိတ်ကြားချက်အရ ထိုင်းအစိုးရက လက်ခံကျင်းပတဲ့ ဆွေးနွေးပွဲတွေကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီဆွေးနွေးပွဲတွေမှာ SCEF အဖွဲ့ဝင်တွေဟာ စစ်အုပ်စုကိုယ်စားလှယ်တွေနဲ့အတူ အာဆီယံကို တွေ့ဆုံခဲ့တာမဟုတ်ဘဲ အာဆီယံကို သီးခြားတွေ့ဆုံခဲ့တာဖြစ်ကြောင်း ရှင်းလင်းထားပါတယ်။
တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ၊ အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေးနဲ့ ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေး၊ နိုင်ငံရေးအသွင်ကူးပြောင်းရေးဖြစ်စဉ်အတွက် လိုအပ်တဲ့အခြေအနေတွေကို အမြင်ချင်းဖလှယ်ခဲ့တယ်လို့ SCEF က ဆိုပါတယ်။
SCEF က အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ထပ်ခါတလဲလဲ အတည်ပြုရုံနဲ့ မလုံလောက်ဘဲ လက်တွေ့အကောင်အထည်ဖော်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ အဲဒီအတွက် နိုင်ငံရေးအကျဉ်းသားတွေ ချက်ချင်းလွှတ်ပေးရေး၊ အရပ်သားတွေဆီ လူသားချင်းစာနာမှုအကူအညီ အမှန်တကယ်ရောက်ရှိရေးနဲ့ အကြမ်းဖက်မှုလျှော့ချနိုင်မယ့် လက်တွေ့ကျတဲ့ယန္တရားတွေ ပါဝင်ရမယ်လို့ ဆိုပါတယ်။
နိုင်ငံရေးဆွေးနွေးမှုဟာ ရည်မှန်းချက်မဟုတ်ဘဲ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဦးတည်တဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုရရှိရေးအတွက် အသုံးပြုရမယ့် နည်းလမ်းသာဖြစ်တယ်လို့ SCEF က ထုတ်ပြန်ပါတယ်။
စစ်တပ်လွှမ်းမိုးမှု၊ ဗဟိုချုပ်ကိုင်မှုနဲ့ အရင်းခံနိုင်ငံရေးအကျပ်အတည်းတွေကို မဖြေရှင်းဘဲ အကြမ်းဖက်မှု လျှော့ချရေးကိုသာ ရည်ရွယ်တဲ့ ဆွေးနွေးပွဲတွေက ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို မဆောင်ကြဉ်းနိုင်ဘူးလို့ ဆိုပါတယ်။
စစ်အုပ်စုဟာ အဓိပ္ပါယ်ရှိတဲ့ နိုင်ငံရေးဆွေးနွေးပွဲအတွက် စစ်မှန်တဲ့နိုင်ငံရေးစိတ်ဆန္ဒ မပြသသေးဘူးလို့လည်း SCEF က သုံးသပ်ပါတယ်။ နိုင်ငံရေးစိတ်ဆန္ဒရှိကြောင်း သက်သေပြရမယ့် တာဝန်ဟာ မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေအပေါ်မှာ ရှိပြီး တော်လှန်ရေးအင်အားစုတွေအပေါ် လွှဲချလို့မရဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးပွဲမစတင်ခင် စစ်အုပ်စုက အရပ်သားတွေနဲ့ အရပ်ဘက်အဆောက်အအုံတွေကို လေကြောင်းကနေ တိုက်ခိုက်နေတာ ချက်ချင်းရပ်တန့်ဖို့၊ ဆေးရုံ၊ ကျောင်းနဲ့ ဘာသာရေးအဆောက်အအုံတွေကို တိုက်ခိုက်တာရပ်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေ ထိခိုက်ခံစားရသူတွေဆီ ရောက်ရှိစေဖို့ လိုအပ်တယ်လို့ တောင်းဆိုထားပါတယ်။
အရပ်သားတွေကို ဆက်တိုက်တိုက်ခိုက်နေချိန်မှာ နိုင်ငံရေးဆွေးနွေးဖို့ ဖိတ်ခေါ်တာဟာ အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးမှု မဖြစ်နိုင်ဘူးလို့ SCEF က ပြောပါတယ်။
လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးအခြေအနေဟာ အခြေခံကျကျ ပြောင်းလဲသွားပြီဖြစ်ပြီး အုပ်ချုပ်ရေးအာဏာဟာ နေပြည်တော်မှာသာ စုစည်းမနေတော့ဘူးလို့လည်း ဆိုပါတယ်။
နိုင်ငံရဲ့ နေရာအများအပြားမှာ ပြည်နယ်နဲ့ ဒေသအခြေပြု အာဏာပိုင်အဖွဲ့တွေက အုပ်ချုပ်ရေး၊ ပြည်သူ့လုံခြုံရေး၊ တရားစီရင်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုတွေကို ဆောင်ရွက်နေတဲ့အတွက် ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တခုမှာ အဲဒီနိုင်ငံရေးအာဏာပိုင်တွေကို အသိအမှတ်ပြုပြီး ထိတွေ့ဆက်ဆံရမယ်လို့ SCEF က ပြောပါတယ်။
အချိန်မတန်ခင် နေပြည်တော်အစိုးရနဲ့ နိုင်ငံရေးဆက်ဆံရေး ပုံမှန်ပြန်ဖြစ်အောင် ကြိုးပမ်းတာဟာ လက်ရှိကွဲပြားနေတဲ့ နိုင်ငံရေးအခြေအနေကို ပိုဆိုးစေနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
မြန်မာနိုင်ငံဟာ တရားဝင်နိုင်ငံရေးစေ့စပ်ညှိနှိုင်းမှု စတင်နိုင်တဲ့အဆင့်ကို မရောက်သေးဘဲ လက်ရှိမှာ နိုင်ငံရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုတွေကိုသာ ဦးစားပေးရမယ်လို့ SCEF က သုံးသပ်ထားပါတယ်။
နိုင်ငံရေးပါဝင်ပတ်သက်သူတွေကြား ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ရဲ့ ရည်ရွယ်ချက်၊ အခြေခံမူ၊ ပါဝင်မှု၊ ဖွဲ့စည်းပုံ၊ အဆင့်လိုက်ဆောင်ရွက်မှုနဲ့ အာမခံချက်တွေအပေါ် ဘုံနားလည်မှုကို အရင်တည်ဆောက်ရမယ်လို့ ဆိုပါတယ်။
SCEF အတွင်းမှာလည်း ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင်အပါအဝင် မဏ္ဍိုင် ၃ ရပ်ကြား ဆွေးနွေးတိုင်ပင်ပြီး စုပေါင်းနိုင်ငံရေးမူဘောင်တခု ရေးဆွဲဖို့လိုတယ်လို့ ထုတ်ပြန်ထားပါတယ်။
SCEF က ဒေသတွင်းနဲ့ နိုင်ငံတကာမိတ်ဖက်တွေဟာ နိုင်ငံရေးဆွေးနွေးမှုကို အထောက်အကူပြုနိုင်ပေမယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှု ဦးတည်ချက်၊ အရှိန်အဟုန်၊ ဖွဲ့စည်းပုံနဲ့ ရလဒ်တွေကို ဆုံးဖြတ်ပိုင်ခွင့်မရှိဘူးလို့ ပြောပါတယ်။
ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ဟာ မြန်မာနိုင်ငံသားတွေပိုင်ဆိုင်ပြီး မြန်မာနိုင်ငံသားတွေ ဦးဆောင်၊ ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်းစဉ်ဖြစ်ရမယ်လို့ အလေးထားထားပါတယ်။
SCEF က စေ့စပ်ညှိနှိုင်းမှုကနေ နိုင်ငံရေးအဖြေရရှိရေးကို ဆက်လက်ကတိပြုထားပေမယ့် ရည်မှန်းချက်ဟာ စစ်အုပ်စုနဲ့ နိုင်ငံရေးဆက်ဆံမှု ပုံမှန်ပြန်ဖြစ်ရေးမဟုတ်ဘဲ စစ်တပ်ရဲ့ အာဏာလွှမ်းမိုးမှုကို အဆုံးသတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။


