၁၇ ဇွန် ၂၀၂၆ | New Day Myanmar
ရန်ကုန်မြို့ပြသယ်ယူပို့ဆောင်ရေးမှာ အဓိကအားထားနေရတဲ့ YBS လိုင်းကားတွေ စောင့်ဆိုင်းရချိန်ကြာမြင့်တာ၊ ယာဉ်အစီးရေ မလုံလောက်တာနဲ့ စက်သုံးဆီ၊ CNG ဖြည့်တင်းရခက်ခဲတာတွေကြောင့် မြို့တွင်းမှာ တရားမဝင် အောက်ဆိုက်ကားပြေးဆွဲမှု ပိုများလာတယ်လို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။
ရန်ကုန်တိုင်း ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC ရဲ့ ထုတ်ပြန်ချက်အရ နေ့စဉ် ခရီးသွားပြည်သူ ၁ ဒသမ ၇ သန်းခန့်ကို YBS ယာဉ်အစီးရေ ၃,၇၀၀ ကျော်နဲ့ ပြေးဆွဲပေးနေတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ မြေပြင်မှာတော့ လိုင်းကားအစီးရေ မလုံလောက်သလို စက်သုံးဆီဆိုင်နဲ့ CNG ဆိုင်တွေမှာ ကားတွေ နာရီပေါင်းများစွာ တန်းစီနေရတာကြောင့် အမှန်တကယ်ပြေးဆွဲနိုင်တဲ့ ဘတ်စ်ကားအရေအတွက် သိသိသာသာ လျော့နည်းနေတယ်လို့ New Day Myanmar က စုံစမ်းသိရှိရပါတယ်။
YBS ကားမလုံလောက်မှုကြောင့် ရုံးတက်၊ ရုံးဆင်းချိန်တွေနဲ့ လူစည်ကားရာလမ်းကြောင်းတွေမှာ ဒိုင်နာကား၊ ဟိုက်ဂျက်နဲ့ အိမ်သုံးယာဉ်တွေကို အသုံးပြုပြီး အောက်ဆိုက်ကား၊ ကြားကားအဖြစ် တရားမဝင် ပြေးဆွဲမှုတွေ ပိုများလာတာ ဖြစ်ပါတယ်။
“ရုံးတက်၊ ရုံးဆင်းချိန်ဆို YBS တွေက တံခါးဖွင့်ပြီး မောင်းရလောက်အောင် ပြည့်ကျပ်နေပါတယ်။ တချို့ဆို ရှေ့ပေါက်က တက်မရလို့ နောက်ပေါက်ကနေ တက်ရတယ်။ အောက်ဆိုက်ကားတွေရှိတော့ အလုပ်နောက်ကျမခံဘဲ ပိုက်ဆံပိုပေးပြီး စီးလိုက်ရတာပါ။ ကြာလာတော့ ဝင်ငွေနဲ့ ထွက်ငွေ မမျှတော့ဘူး” လို့ ရန်ကုန်မြို့နေ ပုဂ္ဂလိကကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောပါတယ်။
အောက်ဆိုက်ကားတွေဟာ မြောက်ဥက္ကလာပ၊ အင်းစိန်၊ သာကေတ၊ ဒဂုံမြို့သစ်လေးမြို့နယ်နဲ့ ဆူးလေတို့လို ခရီးသည်အများဆုံးသွားလာတဲ့ မြို့တွင်းလမ်းကြောင်းတွေမှာ အဓိကပြေးဆွဲနေကြတာ ဖြစ်ပါတယ်။
ပုံမှန် YBS ယာဉ်စီးခဟာ ခရီးအကွာအဝေးအလိုက် ကျပ် ၄၀၀ ကနေ ကျပ် ၈၀၀ ဝန်းကျင်ရှိပေမဲ့ အောက်ဆိုက်ကားတွေကတော့ လမ်းကြောင်းတိုအတွက် ကျပ် ၅၀၀ ဝန်းကျင် တောင်းခံပြီး မြို့တွင်းကနေ အခြားမြို့နယ်တွေဆီ သွားလာပါက တစ်ဦးကို ကျပ် ၁,၅၀၀ ကနေ ကျပ် ၃,၀၀၀ အထိ ပေးနေရတယ်လို့ ခရီးသည်တွေက ဆိုပါတယ်။
အလုပ်ကို အချိန်မီရောက်ရှိဖို့လိုအပ်သူတွေနဲ့ ညပိုင်းအလုပ်ဆက်လုပ်ရသူတွေဟာ တခြားရွေးချယ်စရာ မရှိတာကြောင့် အောက်ဆိုက်ကားတွေကို အားထားစီးနင်းနေရတယ်လို့ သိရပါတယ်။
“ကျွန်တော်က မနက်ပိုင်းအလုပ်တစ်ခုလုပ်ပြီး ညနေပိုင်းမှာ နောက်အလုပ်တစ်ခု ဆက်လုပ်ရပါတယ်။ ကုန်ဈေးနှုန်းကြီးလို့ ဝင်ငွေမလောက်တာကြောင့်ပါ။ ညနေရုံးဆင်းချိန်ဆို မှတ်တိုင်မှာ လူတွေ အရမ်းများတယ်။ နောက်အလုပ်ကလည်း အချိန်နဲ့ဝင်ရတာဆိုတော့ ငွေပိုကုန်တာထက် အလုပ်နောက်မကျဖို့ကိုပဲ ဦးစားပေးရပါတယ်” လို့ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောပါတယ်။
အောက်ဆိုက်ကားတွေဟာ YRTC ရဲ့ တရားဝင်ကြီးကြပ်မှုနဲ့ စည်းကမ်းသတ်မှတ်ချက်တွေအောက်မှာ ရှိမနေတာကြောင့် ခရီးသည်တွေအတွက် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။
ယာဉ်စီးခကို သတ်မှတ်ချက်မရှိဘဲ တောင်းခံတာ၊ ခွင့်ပြုလူဦးရေထက် ပိုမိုတင်ဆောင်တာနဲ့ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းလိုက်နာမှု အားနည်းတာတွေကြောင့် ယာဉ်မတော်တဆမှုနဲ့ ခရီးသည်လုံခြုံရေးပြဿနာတွေ ဖြစ်ပေါ်လာမှာကို ပြည်သူတွေက စိုးရိမ်နေကြပါတယ်။


