Homeအထူးသတင်းApril Fools နေ့မှာ မမှန်သတင်းဖြန့်ဝေရင် အရေးယူမယ်လို့ ထိုင်းအစိုးရပြော

April Fools နေ့မှာ မမှန်သတင်းဖြန့်ဝေရင် အရေးယူမယ်လို့ ထိုင်းအစိုးရပြော

၁ ဧပြီ ၂၀၂၆ | New Day Myanmar

ထိုင်းအစိုးရက April Fools’ နေ့မှာ မမှန်ကန်တဲ့ သတင်းတွေ ဒါမှမဟုတ် လှည့်စားရေးသားထားတဲ့ အကြောင်းအရာတွေကို သတိပြုရန် ပြည်သူတွေကို သတိပေးလိုက်ပြီး အများပြည်သူကို ထိခိုက်စေနိုင်ရင်ဥပဒေအရ အရေးယူခံရနိုင်ကြောင်း ပြောကြားထားပါတယ်။

အစိုးရရဲ့ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ အိုင်ရင် ဖန်ရစ် က ဧပြီ ၁ ရက်နေ့ဟာ လူတွေ ဟာသနဲ့ လှည့်စားမှုတွေ မျှဝေကြတဲ့နေ့တစ်နေ့ဖြစ်ပေမယ့် အချို့အကြောင်းအရာတွေက အများပြည်သူအတွင်း ထိတ်လန့်မှုဖြစ်စေနိုင်တယ်လို့ ပြောပါတယ်။

လူမှုကွန်ယက်တွေမှာ မမှန်သတင်းတွေ လျင်မြန်စွာ ပျံ့နှံ့နိုင်တာကြောင့် ဟာသအဖြစ်နဲ့လည်း မမှန်သတင်းတွေ မဖန်တီးဖို့နဲ့ မမျှဝေဖို့ထိုင်းအစိုးရက တော်ဝင်ထိုင်းရဲတပ်ဖွဲ့က တဆင့် တိုက်တွန်းထားပါတယ်။

ထိုင်းဥပဒေအရ မမှန်သတင်းမျှဝေမှုနဲ့ ပတ်သက်ပြီး တစ်ဦးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တဲ့ အကြောင်းအရာတွေ ထုတ်ဝေပါက ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ငွေဒဏ် ဘတ် ၂ သိန်းအထိ ချမှတ်နိုင်ပါတယ်။

မမှန်သတင်းတွေကြောင့် ပြည်သူ့ဘေးကင်းရေး သို့မဟုတ် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေနိုင်ပါက ကွန်ပျူတာဆိုင်ရာ ပြစ်မှုဥပဒေအရ ထောင်ဒဏ် ၅ နှစ် သို့မဟုတ် ငွေဒဏ် ဘတ် ၁ သိန်းအထိ ချမှတ်နိုင်ပါတယ်။

အိုင်ရင် ဖန်ရစ်က လက်ရှိ ကမ္ဘာလုံးဆိုင်ရာ အခြေအနေတွေ အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုတွေကြောင့် သတင်းအချက်အလက်မှန်ကန်မှုဟာ ပိုမိုအရေးကြီးလာကြောင်း ပြောပြီး ပြည်သူတွေကို မျှဝေမယ့် သတင်းတွေကို စစ်ဆေးပြီးမှသာ မျှဝေကြဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် မမှန်သတင်းကြောင့် ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်ပါက နီးစပ်ရာ ရဲစခန်းတွေမှာ တိုင်ကြားနိုင်သလို အရေးပေါ်ဖုန်း ၁၉၁ သို့မဟုတ် တော်ဝင်ထိုင်းရဲတပ်ဖွဲ့ရဲ့ Hotline ၁၅၉၉ ကို ၂၄ နာရီ ဆက်သွယ်နိုင်ကြောင်းလည်း အသိပေးထားပါတယ်။

ဓါတ်ပုံ – Khaosod News

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး