၈ မတ်လ ၂၀၂၆ | New Day Myanmar
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နဲ့ ပတ်သက်တဲ့ ဆိုက်ဘာရာဇဝတ်မှုတွေကို နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး တိုက်ဖျက်နှိမ်နင်းဖို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က အထူးအမိန့်တစ်ရပ်ကို မတ်လ ၆ ရက်နေ့မှာ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။
အဲဒီအမိန့်ဟာ ဆိုက်ဘာရာဇဝတ်မှု၊ အွန်လိုင်းလိမ်လည်မှုနဲ့ ငွေညှစ်မှုတွေကနေ အမေရိကန်မိသားစုတွေ၊ စီးပွားရေးလုပ်ငန်းတွေ နဲ့ အခြေခံအဆောက်အအုံတွေကို ကာကွယ်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။
အထူးသဖြင့် ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေကို တိုက်ဖျက်ဖို့အတွက် အမျိုးသားညှိနှိုင်းရေးဗဟိုဌာန (NCC) ကို အမျိုးသားအဆင့် ဦးဆောင်အဖွဲ့အဖြစ် သတ်မှတ်ထားပြီး စုံစမ်းစစ်ဆေးခြင်း၊ လုပ်ငန်းများနှောင့်ယှက်ခြင်းနဲ့ အမြစ်ပြတ်ဖြိုခွဲခြင်းတွေ ဆောင်ရွက်ဖို့ စီမံချက်ရေးဆွဲရန် ညွှန်ကြားထားပါတယ်။
ဒါ့အပြင် ဆိုက်ဘာနည်းပညာအသုံးပြု လိမ်လည်မှုတွေကို ဦးစားပေး တရားစွဲဆိုဖို့ အမေရိကန် ရှေ့နေချုပ်ကို ညွှန်ကြားထားပြီး ငွေလိမ်သူတွေဆီက သိမ်းဆည်းရရှိတဲ့ ငွေကြေးတွေကို နစ်နာသူတွေထံ ပြန်လည်ပေးအပ်ဖို့ အစီအမံတွေကိုလည်း ထည့်သွင်းထားပါတယ်။
အိမ်ဖြူတော် ထုတ်ပြန်ချက်အရ အချက်အလက်ခိုးယူမှု၊ ငွေကြေးလိမ်လည်မှု၊ လိင်ပိုင်းဆိုင်ရာ ငွေညှစ်မှုနဲ့ အယောင်ဆောင်လိမ်လည်မှုတွေကို နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းတွေက AI အပါအဝင် ခေတ်မီနည်းလမ်းတွေ အသုံးပြု လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။
ဒီလိုရာဇဝတ်ဂိုဏ်းတွေကို ခွင့်ပြုထားတဲ့ သို့မဟုတ် သွယ်ဝိုက်ကူညီနေတဲ့နိုင်ငံတွေကိုလည်း စီးပွားရေးပိတ်ဆို့မှု၊ ဗီဇာကန့်သတ်မှုနဲ့ နိုင်ငံတကာအထောက်အပံ့ ကန့်သတ်မှုတွေ ချမှတ်နိုင်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ညွှန်ကြားထားပါတယ်။
၂၀၂၄ ခုနှစ်အတွင်း ဆိုက်ဘာလိမ်လည်မှုတွေကြောင့် အမေရိကန်နိုင်ငံသားတွေဟာ ဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံကျော် ဆုံးရှုံးခဲ့ရပြီး နိုင်ငံသား ၇၃ ရာခိုင်နှုန်းကျော်ဟာ တနည်းနည်းနဲ့ အွန်လိုင်းလိမ်လည်မှုတွေ ကြုံတွေ့ခဲ့ရတယ်လို့ အမေရိကန်အစိုးရက ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ အရှေ့တောင်အာရှဒေသရှိ ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းဖို့ အမေရိကန် ဖက်ဒရယ်ထောက်လှမ်းရေးဗျူရို (FBI) က ထိုင်းရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသအထိ သွားရောက် စုံစမ်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။


