စစ်ကော်မရှင်ကပြုလုပ်နေတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်တိုက်မှု ရပ်စဲရေးစာချုပ် (NCA)အခမ်းအနားကို တက်ရောက်တာဟာ သိက္ခာကျတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖဒို စောတောနီးက ပြောလိုက်ပါတယ်။
“ခင်ဗျားတို့ သေချာကြည့် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ သတ်ဖြတ်လိုက်တဲ့ လူထုကို။ ဒီလောက်များတန်းစီပြီးတော့ ထောင်ဂဏန်းချီပြီးတော့ ဒီလောက် နေ့စဉ်ရက်ဆက် အတော့မသတ်ဖြစ်နေတဲ့ ဟာကို ဒီလူတွေ လုပ်မယ့်ပွဲကို ခင်ဗျားတို့ သွားတက်ရင် ခင်ဗျားတို့ပဲ သိက္ခာကျမှာ။ ဒီလောက်တောင် ကိုယ်ကျင့် သိက္ခာမဲ့တဲ့ အလုပ်ကို လုပ်သင့်လား မလုပ်သင့်ဘူးလား ခင်ဗျားတို့ ပဲ ဆုံးဖြတ် ကျနော်အဲ့တာပဲပြောချင်တယ်။”လို့ ဖဒိုစောတောနီးက KIC သတင်းဌာနနဲ့ မေးမြန်းစဉ်မှာပြောကြားလိုက်တာပါ။
KNU ဥက္ကဌဟောင်းဖြစ်တဲ့ မူတူးစေးဖိုးကတော့ အဲ့ဒီအခမ်းအနားကို တက်ရောက်နေတာတွေ့ရပါတယ်။
စစ်ကော်မရှင် ပြုလုပ်တဲ့ NCA ၁၀ နှစ်ပြည့် အခမ်းအနားကို တက်ရောက်မှာ မဟုတ်ဘူးလို့ NCA မှာ လက် မှတ်ရေးထိုးခဲ့ကြတဲ့ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ် ဦး(ABSDF)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့ကလည်းအောက်တိုဘာ ၁၃ ရက်မှာ ပူးတွဲထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အဲ့ဒီနှစ်ပတ်လည်ပွဲကို မတက်ရောက်ဘဲ ပြည်သူနဲ့အတူ ရပ်တည်ကြောင်းပြသဖို့ UN အပါ ASEAN နဲ့ နိုင်ငံတကာသံတမန်တွေကို တိုင်းရင်းသားတော်လှန်ရေးအဖွဲတွေကတောင်းဆိုခဲ့ပါတယ်။


