စက်တင်ဘာ ၇ ၊ ၂၀၂၅
ဒေသတွင်း နိုင်ငံတွေအနေနဲ့ စစ်အာဏာရှင်တွေရဲ့ မျက်နှာကို မကြည့်ဘဲ မြန်မာပြည်သူတွေရဲ့ မျက်နှာကို ငဲ့ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG၊ ယာယီသမ္မတကြီး ဒူဝါလရှီးလက တောင်းဆိုလိုက်ပါတယ်။
စက်တင်ဘာ ၇ ရက်မှာကျရောက်တဲ့ ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း (၄) နှစ်ပြည့်နေ့မှာ ယာယီသမ္မတ ဒူဝါလရှီးလက အခုလို့ထည့်သွင်းပြောကြားခဲ့တာပါ။
” ဒေသတွင်းနိုင်ငံတွေအနေနဲ့လည်း စစ်အာဏာရှင်တွေရဲ့ မျက်နှာကို မကြည့်ဘဲ မြန်မာပြည်သူတစ်ရပ်လုံးရဲ့ မျက်နှာကို ငဲ့ဖို့ လေးနက်စွာ တောင်းဆိုချင်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်လမ်းပြမြေပုံဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖြစ်ထွန်းပေါ်ပေါက်ဖို့ ဝိုင်းဝန်းကူညီပေးပါလို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေးဟာ ပြည်သူလူထုတစ်ရပ်လုံး အပါအဝင် ဒေသတွင်းနိုင်ငံတွေရဲ့ ကူညီအားပေးမှုကို ရရှိမှသာ ပိုမိုမြန်ဆန်စွာအောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ ” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
လက်ရှိမှာ မြန်မာစစ်တပ်ဟာ ဒေသတွင်းနိုင်ငံတွေရဲ့ စစ်ရေးအကူအညီ တွေကို ရယူဖို့ ကြိုးစားနေရုံတင် မဟုတ်ဘဲ၊ ပြည်တွင်းမှာ နိုင်ငံရေးအသက်ရှုပေါက်ချောင်လည်အောင် ကြိုးစားနေတာကိုလည်း တွေ့ရတယ်ဆိုတာနဲ့ အဲဒီအတွက် အတုအယောင်ရွေးကောက်ပွဲကို ဟန်ပြ ကျင်းပပြီး ပြည်သူလူထုကို လှည့်စားဖို့ ကြိုးစားနေပါတယ်လို့ ဆိုပါတယ်။
အတုအယောင်ရွေးကောက်ပွဲဟာ လူထုအတွက် ထွက်ပေါက် မဟုတ်ဘဲ လူထုအတွက် ထောင် ချောက်ဖြစ်ပြီး အကြမ်းဖက် မြန်မာစစ်ခေါင်းဆောင်တွေဟာ လက်နက်နဲ့ သိမ်းယူထားတဲ့ နိုင်ငံတော်အာဏာကို လူထုတရားဝင်မှုနဲ့ ပေါင်းစပ်ဖို့ အတုအယောင်ရွေးကောက်ပွဲကျင်းပပြီး ကြိုးစားနေတာတွေ့ရတယ်ဆိုတာနဲ့ ဒေသတွင်းနိုင်ငံ တွေအနေနဲ့လည်း အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံရေးအရ အားပေးထောက်ခံနေတာတွေကိုလည်း တွေ့ရတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။


