ပဲခူးတိုင်း၊ ရွှေကျင် မြို့နယ်က မင်္ဂလာဆောင်တစ်ခုကို မေ ၂၅ ရက် မနက် ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် သတို့သမီးနဲ့ ကလေးငယ် ၂ အပါအဝင် ၈ ဦးက နေရာမှာတင်သေဆုံးခဲ့ပါတယ်။
အဲ့ဒီနောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ ပြည်သူ ၄ ဦးဟာ ထပ်မံသေဆုံးသွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က မေလ ၂၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
လက်ရှိအချိန်မှာတော့ ဒဏ်ရာရရှိသူ ၃၇ ဦးဟာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။
ရွှေကျင်မြို့မြောက်ဘက် မိုင် ၃၀ ကျော်အကွာ၊ စစ်တောင်းမြစ် အရှေ့ဘက်ကမ်း၊ ကျွန်းကြီးရွာမှာ ကျင်းပနေတဲ့ မင်္ဂလာဆောင်ကို မနက် ၉ နာရီဝန်းကျင်မှာ လေကြောင်းက ဗုံးကြဲခဲ့တာဖြစ်ပါတယ်။
ကျွန်းကြီးကျေးရွာဟာ ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်တဲ့ ရွာဖြစ်ပေမယ့် အဲ့ဒီအရပ်ဒေသမှာ တိုက်ပွဲဖြစ်တာမရှိဘူးလို့ ဒေသခံတဦးကပြောပါတယ်။