၁၂ ဒီဇင်ဘာ၊၂၀၂၄
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကောက်ယူထားတဲ့ အချက်အလက်တွေအရ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတဝန်း ပြည်သူ ၂၄၀ နီးပါးသေဆုံးခဲ့ရတယ်လို့ AAPP ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။
AAPP က ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းနဲ့တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁၁၆) ဦးနဲ့ အမျိုးသား (၁၂၁) ဦး စုစုပေါင်း (၂၃၇) ဦး သေဆုံးခဲ့သည်ကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါအရေအတွက်အတွင်း အသက် ၁၈ နှစ်အောက် ကလေးငယ် (၄၇) ဦး ပါဝင်ပြီး ရခိုင်ပြည်နယ်မှာ (၈၈) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး ရှမ်းပြည်နယ်မှာ (၄၃) ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံးဒေသ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ထို့ပြင် အဆိုပါကာလအတွင်း နိုင်ငံတဝန်း စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၅၃) ဦး နဲ့ အမျိုးသား (၅၁) ဦး စုစုပေါင်း (၁၀၄) ဦး သေဆုံးခဲ့တာကိုလည်း အမည်နဲ့ တကွ အတည်ပြုနိုင်ခဲ့ပြီး ၎င်းအရေအတွက်အတွင်းမှာလည်း အသက် ၁၈ နှစ်အောက် သေဆုံးသူ (၁၉) ဦး ပါဝင်နေတယ်လို့ သိရပြီး သေဆုံးမှု အများဆုံးဒေသမှာ (၃၂) ဦးဖြင့် စစ်ကိုင်းတိုင်းမှဖြစ်ပြီး ရခိုင်ပြည်နယ်မှာ (၂၀) ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံးဒေသ ဖြစ်တယ်လို့ ဆိုပါတယ်။
Photp – PSLF/TNLA