၂၄ နိုဝင်ဘာ၊ ၂၀၂၄
NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က တောင်ပိုင်းစစ်ဒေသနယ်မြေအတွင်းမှာ စစ်ကောင်စီလက်ချက်နဲ့ အရပ်သားပြည်သူ ၈ ဦးသေဆုံးပြီး ၂၈ဦး ဒဏ်ရာရရှိကာ အကြောင်းမဲ့ဖမ်းဆီးခံထားရသူ ၅၁ ဦး ရှိနေပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) က နိုဝင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
စစ်ကောင်စီဟာ ရည်ရွယ်ချက်ရှိရှိ ပြည်သူတွေနေထိုင်နေတဲ့ ကျေးရွာတွေအတွင်းကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ ၊ ဒရုန်းနဲ့ ဗုံးသီးကြဲချတာတွေ လုပ်နေခဲ့ပြီး မြေမြှုပ်မိုင်းကြောင့် သေဆုံးရသူအပါအဝင် ဒီတစ်ပတ်အတွင်း ပြည်သူ ၈ဦး သေဆုံးခဲ့ရပါတယ်။
ဒါ့အပြင် အကြောင်းမဲ့ ဖမ်းဆီးခံထားရသူ ၅၁ ဦးရှိနေပြီး ဖမ်းဆီးခံထားရသူတွေထဲက တချိုကို ငွေသိမ်း၊ ပစ္စည်းသိမ်း၊ ခြိမ်းခြောက်ငွေညှစ် ပြန်လွှတ်ပေးထားပေမယ့်အများစုမှာ မလွတ်မြောက်သေးဘဲ စစ်ကောင်စီ တပ်သားသစ်အဖြစ် အဓမ္မအမှုထမ်းခိုင်းဖို့ ဆက်ပြီး ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ အရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခြိမ်းခြောက်တာတွေ ဒရုန်းနဲ့ ဗုံးသီးကြဲချတာတွေကို လုပ်ဆောင်နေပြီး ပြီးခဲ့တဲ့ တစ်ပတ်အတွင်း အကြိမ်ရေ ၄၀ကျော်၊ ဗုံးသီးအလုံး ၁၀၀ ကျော် ကြဲချတိုက်ခိုက်တယ်လို့ ကြေညာချက်မှာ ပါဝင်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က တောင်ပိုင်းစစ်ဒေသမှာ ပဲခူး၊ ကရင်၊ မွန်နဲ့ တနင်္သာရီဒေသတို့ ပါဝင်ပါတယ်။
Photo – တောင်ပိုင်းစစ်ဒေသ (NUG)