Homeပြည်တွင်းသတင်းရေဘေးသင့် ညောင်လေးပင်ခရိုင်မှာ အရေးပေါ် လူသားချင်းစာနာမှုအကူအညီလိုအပ်နေကြောင်း KNU ဗဟိုက ထုတ်ပြန်

ရေဘေးသင့် ညောင်လေးပင်ခရိုင်မှာ အရေးပေါ် လူသားချင်းစာနာမှုအကူအညီလိုအပ်နေကြောင်း KNU ဗဟိုက ထုတ်ပြန်

၃၀ ဇူလိုင်၊ ၂၀၂၄

ပဲခူးတိုင်း၊ ညောင်လေးပင်(ခလယ်လွီထူ)ခရိုင်က ဒေသခံပြည်သူတွေဟာ ရေဘေးအန္တရာယ်ပါ ရင်ဆိုင်နေရပြီး အရေးပေါ် လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဇူလိုင် ၂၉ ရက်က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲနဲ့ လေကြောင်းရန်၊ လက်နက်ကြီးရန်တွေကြောင့် စစ်ရှောင် သိန်းချီ ရှိနေတဲ့ ညောင်လေးပင်ခရိုင်အတွင်းက မူး(မုန်း)၊ လယ်ဒို(ကျောက်ကြီး) နဲ့ ဆောထိ(ရွှေကျင်)မြို့နယ်တွေမှာ ဇူလိုင်လ ၂၅ ရက်ကစပြီး ရေကြီးရေလွှမ်းမိုးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ကျောက်ကြီးမြို့နယ်အတွင်းမှာ ရေလွှမ်းမိုးနေတဲ့ ကျေးရွာပေါင်း ၄၁ ရွာရှိနေပြီး လူဦးရေ နှစ်သောင်းဝန်းကျင်မှာ ရေဘေးဒဏ်ကို ကြုံနေပြီး အရေးပေါ် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ လိုအပ်နေတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။ လယ်ဒို (ကျောက်ကြီးမြို့နယ်)တစ်ခုထဲမှာ ရေဘေးဒဏ်ခံနေရတဲ့ လူဦးရေပေါင်း ၁၈၆၉၈ ဦး ရှိနေပါတယ်။

မုန်းမြို့နယ်မှာ ရေကြီးရေလျှံတဲ့ကျေးရွာ ၅၇ ရွာထိ ရှိနေပြီး ဇူလိုင်လ ၂၅ ရက်နေ့က မြောင်းဦးရွာက ၄ နှစ်အရွယ်ကလေးငယ် ရေနစ်မြုပ်သေဆုံးခဲ့ရပါတယ်။

ရွှေကျင်မြို့နယ်မှာ ကျေးရွာစုစုပေါင်း ၃၂ရွာရှိတဲ့အထဲက ရေဖြူကန်ကျေးရွာ၊ ချုံအင်းကျေးရွာ၊ ဂွေးကုန်းကျေးရွာနှင့် ကောက်မယ့်သူကျေးရွာ စတဲ့ ရွာတွေမှာ ရေဘေးဒဏ်၊ စစ်ဘေးဒဏ် နှစ်မျိုးလုံးကြုံတွေ့နေတယ်လို့ ဖော်ပြထားပါတယ်။

ဇူလိုင် ၂၇ရက်မှာ တောကြောင်ပေါက်ကျေးရွာက စစ်တောင်းမြစ် ရေတမံကျိုးမှုကြောင့် ရေတွေ အရှိန်နဲ့ ရွာထဲဝင်လာပြီး နေအိမ်များ ရေနစ်မြှုပ်ခဲ့ရပါတယ်။

ဇူလိုင် ၂၃ ရက်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ချုံအင်းကျေးရွာက အသက် ၃၃ နှစ်အရွယ် နော်ဆဲလားဖော်နဲ့ ကောက်သူမယ့်ကျေးရွာက အသက် ၂၁ နှစ်အရွယ်နော်မီးမီးတို့ သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိနေပါတယ်။

မြစ်ချောင်းများ ရေကြီးရေလျှံနေတာကြောင့် နေအိမ်တွေ နစ်မြုပ်ပျက်စီးတာ ၊ သိုလှောင်ဆန်စပါးနဲ့ ထင်း ၊ မီးသွေး တွေ ပျက်စီးတာ အပြင် စားစရာ နေစရာ အခက်အခဲတွေ ကြုံနေရပြီး ကျွဲနွား တိရိစ္ဆာန်တွေပါ သေဆုံးကုန်ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

ရေနစ်မြုပ်တဲ့ နေအိမ်တွေနဲ့ ကျွဲနွားအရေအတွက်ကို ကောက်ခံနေဆဲဖြစ်ပြီး ခလယ်လွီထူခရိုင်(ညောင်လေးပင်ခရိုင်)အတွင်းက ရေဘေးသင့် ပြည်သူတွေအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ KNU ဗဟိုက သတင်း ထုတ်ပြန်ထားပါတယ်။

Photo- KNU

ဆက်စပ် သတင်းများ

Most read