ဩဂုတ် ၂၁၊ ၂၀၂၆ | New Day Myanmar
ကရင်ပြည်နယ် မြဝတီမြို့နဲ့ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့တဝိုက်မှာ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းခဲ့တာကြောင့် ထိုင်း-မြန်မာနယ်ခြား သောင်ရင်းမြစ် ရေလျှံတက်လာပြီး နှစ်ဖက်စလုံးက မြစ်ကမ်းဘေးနဲ့ မြေနိမ့်ပိုင်းတွေမှာ ရေကြီးမှု ဖြစ်ပေါ်နေပါတယ်။
မြဝတီမြို့မှာ ဩဂုတ် ၁၉ ရက်ကနေ ၂၀ ရက်ညပိုင်းအထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး သောင်ရင်းမြစ်ရေ မြင့်တက်လာတာကြောင့် မြစ်ကမ်းဘေးမှာ နေထိုင်တဲ့ ဒေသခံတချို့ဟာ ရေဘေးလွတ်ကင်းရာ နေရာတွေကို ပြောင်းရွှေ့နေထိုင်နေကြတယ်လို့ မြို့ခံသတင်းရင်းမြစ်တွေက New Day Myanmar ကို ပြောပါတယ်။
မြစ်ရေတက်လာတာကြောင့် မြဝတီမြို့ရဲ့ မြေနိမ့်ပိုင်းနေရာတွေဖြစ်တဲ့ အမှတ် (၁) ရပ်ကွက်နဲ့ အမှတ် (၅) ရပ်ကွက် တွေမှာ ရေစတင်ဝင်ရောက်လာပြီး မြို့ပေါ်လမ်းတချို့မှာလည်း ရေကြီးရေလျှံမှု ဖြစ်ပေါ်နေပါတယ်။
ရေစီးနဲ့အတူ မြို့ပေါ်လမ်းတွေမှာ အမှိုက်တွေပါ လျှံတက်လာပြီး အမှတ် (၁) ရပ်ကွက် သောင်ရင်းမြစ်ကမ်းစပ်မှာရှိတဲ့ အွန်လိုင်းကာစီနိုတချို့ကိုလည်း ယာယီပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တစ်ဖက် ထိုင်းနိုင်ငံ မဲဆောက်မြို့မှာတော့ ဩဂုတ် ၂၁ ရက် မနက်အစောပိုင်းကစပြီး သောင်ရင်းမြစ်ရေ လျှံတက်လာသလို မိုးရေကြောင့် ရုတ်တရက်ရေကြီးမှုတွေပါ ဖြစ်လာတာကြောင့် စီးပွားရေးအချက်အချာနေရာတချို့မှာ ရေဝင်ရောက်ခဲ့ပါတယ်။ ထိုင်းသတင်းတွေအရ နေရာတချို့မှာ ရေအမြင့် ၅၀ ကနေ ၆၀ စင်တီမီတာဝန်းကျင်အထိ ရှိလာပါတယ်။
ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ် (၁) အနီးက ရင်မယ်ဈေး (Rim Moei Market) မှာ မနက် ၄ နာရီဝန်းကျင်ကတည်းက ရေစတင်ဝင်ရောက်ခဲ့ပြီး ဆိုင်ခန်း ၂၀၀ ကျော်က ကုန်ပစ္စည်းနဲ့ တန်ဖိုးရှိပစ္စည်းတွေကို အမြင့်နေရာတွေဆီ အမြန်ရွှေ့ပြောင်းခဲ့ကြပါတယ်။
မနက်ပိုင်းအထိ သောင်ရင်းမြစ်ရေဟာ ကမ်းပါးထက် ၆၀ စင်တီမီတာခန့် ကျော်တက်နေပြီး ရေက ဆက်လက်မြင့်တက်နေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ထိုင်းသဘာဝဘေးကာကွယ်ရေးနဲ့ လျော့ပါးရေးဦးစီးဌာန (DDPM) က ဩဂုတ် ၂၁ ရက် မနက် ၆ နာရီ ၃၁ မိနစ် မှာ မဲဆောက်နဲ့ မယ်ရာမတ်မြို့နယ်တွေကို Cell Broadcast စနစ်ကနေ သတိပေးချက်ပို့ခဲ့ပြီး သောင်ရင်းမြစ်ရေဟာ ကမ်းပါးကျော်လွန်ကာ ဆက်လက်မြင့်တက်နေတယ်လို့ အသိပေးထားပါတယ်။
မဲဆောက်မြို့နယ်က မယ်ပါ၊ မယ်ကု၊ မဟာဝမ်၊ ထာဆိုင်လွတ်၊ မယ်တော်၊ မယ်ကာဆာ အပါအဝင် မြစ်ကမ်းဘေးနဲ့ မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေကို အိမ်သုံးပစ္စည်းတွေ အမြင့်တင်ထားဖို့၊ မော်တော်ယာဉ်တွေကို ဘေးကင်းရာရွှေ့ထားဖို့နဲ့ အခြေအနေပိုဆိုးလာရင် အမြန်ရွှေ့ပြောင်းနိုင်အောင် ပြင်ဆင်ထားဖို့ ထိုင်းအာဏာပိုင်တွေက သတိပေးပါတယ်။
သက်ကြီးရွယ်အို၊ မသန်စွမ်းသူ၊ အိပ်ရာပေါ်လူနာနဲ့ ကလေးငယ်တွေလို အန္တရာယ်ပိုခံနိုင်ရည်နည်းသူတွေကိုလည်း လိုအပ်ရင် ကြိုတင်ရွှေ့ပြောင်းထားဖို့ တိုက်တွန်းထားပါတယ်။
ထိုင်းမိုးလေဝသဌာနကလည်း ဩဂုတ် ၂၁ ရက်အတွက် တာ့ခ်ခရိုင်မှာ နေရာကွက်ပြီး မိုးအလွန်သည်းထန်နိုင်တယ်လို့ ခန့်မှန်းထားပြီး မိုးသည်းထန်မှုနဲ့ စုဆောင်းမိုးရေကြောင့် ရုတ်တရက်ရေကြီးတာ၊ တောင်ကျရေစီးတာနဲ့ မြစ်ချောင်းရေလျှံတာတွေကို သတိထားဖို့ ထုတ်ပြန်ထားပါတယ်။

