ဩဂုတ် ၉၊ ၂၀၂၆ | New Day Myanmar
မလေးရှားနိုင်ငံမှာ ရှိနေတဲ့ မြန်မာဒုက္ခသည်တွေအပါအဝင် ဒုက္ခသည်အဖြစ် သတ်မှတ်ထားသူတွေရဲ့ အချက်အလက်တွေကို Refugee Registration Document (DPP) အစီအစဉ်နဲ့ စုဆောင်းနေပြီး ဒီနှစ် စတုတ္ထသုံးလပတ်အတွင်း ကနဦးစာရင်းရရှိမယ်လို့ မလေးရှား ပြည်ထဲရေးဝန်ကြီး Datuk Seri Saifuddin Nasution Ismail က ပြောပါတယ်။
မလေးရှားပြည်ထဲရေးဝန်ကြီးဌာန (KDN) က လူဝင်မှုကြီးကြပ်ရေးဌာန (JIM) နဲ့ သက်ဆိုင်ရာအဖွဲ့တွေ ပူးပေါင်းပြီး ဒုက္ခသည်တွေရဲ့ အချက်အလက်တွေကို စုဆောင်းနေတာဖြစ်ပါတယ်။ Saifuddin က လက်ရှိ ဩဂုတ်လဖြစ်တဲ့အတွက် ပထမဆုံးကနဦးအချက်အလက်ကို ဒီနှစ်ရဲ့ စတုတ္ထသုံးလပတ်အတွင်း ရရှိမယ်လို့ မျှော်လင့်ထားပြီး အရေအတွက်ရလာရင် မီဒီယာကို ထုတ်ပြန်ပေးမယ်လို့ ဆိုပါတယ်။
DPP အစီအစဉ်ကို မလေးရှားအမျိုးသားလုံခြုံရေးကောင်စီရဲ့ Directive No. 23 (Revision 2023) နဲ့အညီ ဒုက္ခသည်ပြဿနာကို စနစ်တကျစီမံခန့်ခွဲနိုင်ဖို့ အကောင်အထည်ဖော်နေတာဖြစ်ပြီး ဒုက္ခသည်တွေရဲ့ လက်ဗွေ၊ မျက်နှာစတဲ့ Biometric အချက်အလက်တွေနဲ့ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်တဲ့ ကိုယ်ရေးအချက်အလက်တွေကို ပိုမိုတိကျပြည့်စုံစွာ ရရှိဖို့ ရည်ရွယ်ထားပါတယ်။
ပြည်ထဲရေးဝန်ကြီး Saifuddin က ဒုက္ခသည်အဖြစ် အတည်ပြုသတ်မှတ်ခံရသူတွေကို နေရပ်ပြန်ပို့ရေးအစီအစဉ်မှာ ဦးစားပေးအဖွဲ့အဖြစ် စီမံဆောင်ရွက်မယ်လို့လည်း ပြောပါတယ်။ အဲဒီနေရပ်ပြန်ပို့ရေးလုပ်ငန်းကို မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန Wisma Putra က တာဝန်ယူဆောင်ရွက်မှာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ဒုက္ခသည်တွေကို အချက်အလက်လာရောက်ပေးအပ်ဖို့ ဆက်သွယ်နိုင်မယ့် နည်းလမ်းတွေနဲ့ အစိုးရက အချက်အလက်ကောက်ယူနေကြောင်း အသိပေးနိုင်မယ့် စနစ်တွေကိုလည်း စီစဉ်နေတယ်လို့ Saifuddin က ပြောပါတယ်။
ဒီဒုက္ခသည်စာရင်းကောက်ယူမှုဟာ မြန်မာနိုင်ငံသားတွေကိုပဲ သီးခြားပစ်မှတ်ထားတာမဟုတ်ဘဲ မလေးရှားနိုင်ငံအတွင်း ဒုက္ခသည်အဖြစ် သတ်မှတ်ထားသူအားလုံးကို အကျုံးဝင်တယ်လို့လည်း သူက ရှင်းပြထားပါတယ်။
ဒါပေမယ့် နေရပ်ပြန်ပို့ရေးကို ဘယ်အချိန်မှာ စတင်မယ်၊ ဆန္ဒအလျောက်ပြန်ပို့မှာလား ဒါမှမဟုတ် တခြားနည်းလမ်းနဲ့ ဆောင်ရွက်မှာလား၊ မြန်မာနိုင်ငံအတွင်း လုံခြုံရေးအခြေအနေကို ဘယ်လိုသတ်မှတ်မလဲဆိုတဲ့ အသေးစိတ်ကိုတော့မသိရသေးပါဘူး။

