၂၃ ဇူလိုင် ၂၀၂၆ | New Day Myanmar
တရုတ်နိုင်ငံက ထိုင်ဝမ်ရေလက်ကြားအတွင်း လက်နက်အစစ်သုံး စစ်ရေးလေ့ကျင့်မှုကို ဇူလိုင် ၂၃ ရက်က စတင်ခဲ့ပြီး နှစ်ရက်ကြာပြုလုပ်မယ်လို့ တရုတ်ရေကြောင်းအာဏာပိုင်တွေက ကြေညာပါတယ်။
စစ်ရေးလေ့ကျင့်မှုကို တရုတ်နိုင်ငံအရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ်ကမ်းလွန်ရှိ တုန်းရှန်းကျွန်းအနီး ရေပြင်ဧရိယာနှစ်ခုမှာ ဇူလိုင် ၂၃ ရက်နဲ့ ၂၄ ရက်တို့မှာ ပြုလုပ်နေတာပါ။
လက်နက်အစစ်သုံးလေ့ကျင့်မှုကို နေ့စဉ် မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ ပြုလုပ်မှာဖြစ်ပြီး သတ်မှတ်ထားတဲ့ရေပြင်အတွင်း သင်္ဘောတွေ ဝင်ရောက်မသွားဖို့ ကျန်းကျိုးရေကြောင်းလုံခြုံရေးဌာနက သတိပေးထားပါတယ်။
လေ့ကျင့်မှုမှာ ဘယ်လိုတပ်ဖွဲ့တွေနဲ့ လက်နက်အမျိုးအစားတွေ အသုံးပြုနေတယ်ဆိုတာကိုတော့ တရုတ်ဘက်က အသေးစိတ်ထုတ်ပြန်ထားခြင်း မရှိပါဘူး။
ထိုင်ဝမ်ရေကြောင်းနဲ့ ဆိပ်ကမ်းအာဏာပိုင်တွေက လေ့ကျင့်မှုကြောင့် ထိုင်ဝမ်ဘက်က သင်္ဘောသွားလာမှုအပေါ် ထိခိုက်မှုမရှိသေးဘဲ ကုန်သွယ်ရေးဆိပ်ကမ်းတွေ ပုံမှန်လည်ပတ်နေတယ်လို့ ကနဦးပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ မနီလာမြို့မှာ တွေ့ဆုံပြီး ထိုင်ဝမ်အရေးအပါအဝင် နှစ်နိုင်ငံကြားကိစ္စတွေ ဆွေးနွေးခဲ့ပြီး တရက်အကြာမှာ အခုစစ်ရေးလေ့ကျင့်မှု စတင်လာတာပါ။
တရုတ်ဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကလည်း ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ လက်နက်တွေ ရောင်းချပေးမယ့် အစီအစဉ်ကို အမေရိကန်က ကြေညာပြီးနောက် ထိုင်ဝမ်ကျွန်းကို ဝန်းရံတဲ့ အကြီးမားဆုံးစစ်ရေးလေ့ကျင့်မှုတခု ပြုလုပ်ခဲ့ပါတယ်။
အဲဒီလေ့ကျင့်မှုအတွင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်းစစ်နယ်ဝန်းက ထိုင်ဝမ်ကျွန်းမြောက်ပိုင်းနဲ့ တောင်ပိုင်းရေပြင်တွေဆီ ဒုံးကျည်တွေ ပစ်လွှတ်ခဲ့ပါတယ်။
တရုတ်အစိုးရက ဒီမိုကရေစီစနစ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို မိမိပိုင်နက်အဖြစ် အခိုင်အမာပြောဆိုထားပေမဲ့ ထိုင်ဝမ်အစိုးရကတော့ တရုတ်ရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုတောင်းဆိုချက်ကို ပယ်ချထားပါတယ်။


