၂ ဇူလိုင် ၂၀၂၆ | New Day Myanmar
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာမှာ သစ်ပင်တက်ခုတ်နေတဲ့ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးမှု ဇူလိုင်လ ၁ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသအခြေစိုက် ပရဟိတအဖွဲ့တစ်ခုဆီက သိရပါတယ်။
မနက် ၁၀ နာရီဝန်းကျင်မှာ ဓာတ်တော်တိုက်လမ်းဘေးက သစ်ပင်တစ်ပင်ပေါ်မှာ အမျိုးသားတစ်ဦး မလှုပ်မရှားဖြစ်နေတယ်ဆိုတဲ့ သတင်းရတာကြောင့် ဒေသခံတွေ သွားရောက်ကြည့်ရှုခဲ့ရာကနေ ဓာတ်လိုက်ထားတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အစပိုင်းမှာ သစ်ပင်ခုတ်နေစဉ် ဓာတ်လိုက်ပြီး မေ့မြောနေတာလို့ ယူဆခဲ့ကြပြီး ကယ်ဆယ်ရေးအဖွဲ့ကို အကြောင်းကြားခဲ့ပေမယ့် တာဝန်ရှိသူတွေရောက်ရှိစစ်ဆေးချိန်မှာတော့ သေဆုံးနေပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။
“မနေ့က ဖြစ်သွားတာပါ။ ဒီနေ့ သင်္ဂြိုဟ်လိုက်ပြီလို့ သိရပါတယ်။ ဓာတ်လိုက်သေဆုံးတဲ့ ပုံစံပါပဲ။ တခြားကိစ္စမရှိပါဘူး” လို့ ဒေသခံအုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို သထုံခရိုင် အဖြူရောင်နှလုံးသားအသင်းနဲ့ သထုံမြို့နယ် မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး သစ်ပင်ပေါ်ကနေ သယ်ဆောင်ချကာ သထုံပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ခဲ့ပါတယ်။
ဓာတ်ပုံ — အဖြူရောင်နှလုံးသားအသင်း


