Homeပြည်တွင်းသတင်းရွှေပြည်သာ Chi Sheng အထည်ချုပ်စက်ရုံအတွင်း ဝင်ရောက်ပြီး အလုပ်သမားတွေကို အုပ်ချုပ်ရေးမှူးနဲ့ ရဲတွေ ခြိမ်းခြောက်

ရွှေပြည်သာ Chi Sheng အထည်ချုပ်စက်ရုံအတွင်း ဝင်ရောက်ပြီး အလုပ်သမားတွေကို အုပ်ချုပ်ရေးမှူးနဲ့ ရဲတွေ ခြိမ်းခြောက်

၁၉ ဇွန် ၂၀၂၆ | New Day Myanmar

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ Chi Sheng Garment အထည်ချုပ်စက်ရုံမှာ လုပ်ခလစာတိုးမြှင့်ပေးဖို့ ဥပဒေနဲ့အညီ တောင်းဆိုနေတဲ့ အလုပ်သမားတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရဲတွေက စက်ရုံအတွင်းအထိ ဝင်ရောက်ပြီး ခြိမ်းခြောက်တာတွေ လုပ်ဆောင်နေတယ်လို့ ရွှေပြည်သာမြို့နယ် အထည်ချုပ်အလုပ်သမားတွေသမဂ္ဂက ပြောပါတယ်။

စက်ရုံအတွင်း ဝင်ရောက်ခြိမ်းခြောက်ခဲ့သူတွေဟာ လှော်ကားနယ်မြေရဲစခန်းက ရဲတွေနဲ့ အမှတ် (၂၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး မျိုးဆန်းတို့ဖြစ်တယ်လို့ ဆိုပါတယ်။

အလုပ်သမားသမဂ္ဂရဲ့ ပြောဆိုချက်အရ အုပ်ချုပ်ရေးမှူးဟာ ပြည်တွင်းအလုပ်သမားဥပဒေတွေအပြင် အလုပ်သမားတွေရဲ့ သပိတ်မှောက်ခွင့်ကို အကာအကွယ်ပေးထားတဲ့ နိုင်ငံတကာအလုပ်သမားစံချိန်စံညွှန်းတွေနဲ့ ICJ ရဲ့ ဆုံးဖြတ်ချက်တွေကို လျစ်လျူရှုကာ စက်ရုံအတွင်းအထိ ဝင်ရောက်စွက်ဖက်ပြီး ဖိအားပေး ခြိမ်းခြောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

စက်ရုံအလုပ်သမားတွေဘက်က နေ့တွက်စရိတ် (ဒေးကြေး) ကို ၁၂,၅၀၀ ကျပ်အထိ တိုးပေးဖို့၊ အချိန်ပို (OT) ကြေးကို တစ်နာရီ ၂,၅၀၀ ကျပ်အထိ တိုးပေးဖို့၊ ရက်မှန်ကြေး ၆၀,၀၀၀ ကျပ် ပေးဖို့နဲ့ ကျွမ်းကျင်ကြေး (Grade ကြေး) ကို ခွဲခြားမှုမရှိဘဲ တန်းတူညီမျှ ပေးဖို့ တောင်းဆိုထားကြတာဖြစ်ပါတယ်။

ဒါ့အပြင် အလုပ်သမားတွေ တောင်းဆိုမှု မပြုလုပ်ခင် မိနစ်ပိုင်းအလိုမှာပဲ စက်ရုံတာဝန်ရှိသူတွေက အလုပ်သမားတွေကို စည်းရုံးလှုံ့ဆော်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်သမားခေါင်းဆောင်တစ်ဦးကို အလုပ်က ထုတ်ပယ်ခဲ့တာကြောင့် အလုပ်ရှင်နဲ့ အလုပ်သမားတွေကြား တင်းမာမှုတွေ ပိုမိုဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။

“မနှစ်က တောင်းဆိုလို့ တိုးပေးခဲ့ပေမယ့် အခု တစ်နှစ်ပြည့်လာတဲ့အချိန်မှာ ကုန်ဈေးနှုန်းက သုံးဆလောက် တက်နေပြီ။ ကျွန်တော်တို့လည်း ဘယ်လိုမှ ရှင်သန်ရပ်တည်ဖို့ မလွယ်တော့လို့ တောင်းဆိုရတာဖြစ်တယ်” လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

ဇွန် ၁၈ ရက်က အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ဝင်ရောက်ညှိနှိုင်းပေးခဲ့ပေမယ့် အလုပ်ရှင်ဘက်က လိုက်လျောမှုမရှိတာကြောင့် တင်းမာမှုတွေ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

Chi Sheng Garment စက်ရုံမှာ အလုပ်ရှင်နဲ့ အလုပ်သမားကြား ညှိနှိုင်းဆောင်ရွက်ပေးရတဲ့ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ (WCC) ဖွဲ့စည်းထားတာ မရှိသလို အလုပ်သမားတွေရဲ့ အခြေခံအခွင့်အရေးတစ်ခုဖြစ်တဲ့ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် (EC Contract) တွေကိုလည်း ချုပ်ဆိုထားတာ မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ဖြစ်စဉ်ဟာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က အတည်ပြုထားတဲ့ ILO သဘောတူစာချုပ် အမှတ် (၈၇) နဲ့ဆန့်ကျင်နေပြီး အလုပ်သမားတွေရဲ့ သပိတ်မှောက်ခွင့်ကို ချိုးဖောက်နေတာဖြစ်တယ်လို့ အလုပ်သမားသမဂ္ဂဘက်က ထောက်ပြထားပါတယ်။

ICJ ရဲ့ ဆုံးဖြတ်ချက်အရ အလုပ်သမားတွေရဲ့ သပိတ်မှောက်ခွင့်ဟာ မိမိတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့နဲ့ လုပ်ငန်းခွင်အခြေအနေတွေ တိုးတက်ကောင်းမွန်လာစေဖို့ အသုံးပြုတဲ့ အဓိကကိရိယာတစ်ခုဖြစ်ပြီး နိုင်ငံတကာဥပဒေအရ အကာအကွယ်ပေးထားတဲ့ အခြေခံအခွင့်အရေးတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most Read