၁၇ ဇွန် ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံအတွင်း ပထမဆုံး ပြည်တွင်းထုတ် တိုက်ခိုက်ရေးရေငုပ်သင်္ဘောတစ်စင်း တည်ဆောက်နေတဲ့ အခြေအနေကို ဂြိုဟ်တုဓာတ်ပုံတွေမှာ တွေ့ရှိရတယ်လို့ စစ်ရေးသတင်းနဲ့ သုံးသပ်ချက်တွေ ဖော်ပြတဲ့ Military Watch Magazine က ဇွန်လ ၁၆ ရက်မှာ ရေးသားဖော်ပြပါတယ်။
တည်ဆောက်နေတယ်လို့ ယူဆရတဲ့ ရေငုပ်သင်္ဘောဟာ အရှည် မီတာ ၄၀ ခန့်ရှိပြီး မြောက်ကိုရီးယားနိုင်ငံထုတ် Sang-O အမျိုးအစား ကမ်းရိုးတန်းတိုက်ခိုက်ရေးရေငုပ်သင်္ဘောဒီဇိုင်းနဲ့ ဆင်တူပုံရတယ်လို့ အဆိုပါမဂ္ဂဇင်းက သုံးသပ်ထားပါတယ်။
ဒါပေမဲ့ ဒီသင်္ဘောဟာ ရေငုပ်သင်္ဘောဖြစ်ကြောင်း၊ မြောက်ကိုရီးယားနည်းပညာအကူအညီ ပါဝင်ကြောင်းနဲ့ လက်နက်စနစ်တွေကို ဘယ်လိုတပ်ဆင်ထားမယ်ဆိုတာတွေကို သီးခြားအတည်ပြုနိုင်တဲ့ အချက်အလက်တွေ လက်ရှိအချိန်ထိ မတွေ့ရသေးပါဘူး။ စစ်အုပ်စုဘက်ကလည်း တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
Military Watch Magazine ရဲ့ ဖော်ပြချက်အရ မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယားအကြား လက်နက်နဲ့ ကာကွယ်ရေးနည်းပညာဆိုင်ရာ ဆက်ဆံရေးဟာ နှစ်ပေါင်းများစွာ ရှိခဲ့တာကြောင့် အခုတည်ဆောက်မှုမှာ မြောက်ကိုရီးယားနည်းပညာ ပါဝင်နိုင်တယ်လို့ ယူဆထားတာ ဖြစ်ပါတယ်။
Sang-O အမျိုးအစားဟာ ဒီဇယ်-လျှပ်စစ်စွမ်းအင်သုံး ရေငုပ်သင်္ဘောငယ်ဖြစ်ပြီး ကမ်းရိုးတန်းနဲ့ ရေတိမ်ဒေသတွေမှာ လှုပ်ရှားဖို့ ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ တော်ပီဒိုပစ်ခတ်တာ၊ ရေမိုင်းချတာနဲ့ အထူးတပ်ဖွဲ့ဝင်တွေကို လျှို့ဝှက်ပို့ဆောင်တာတွေ လုပ်ဆောင်နိုင်တယ်လို့ စစ်ရေးမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
ရေအောက်ရောက်ချိန် တန်ချိန် ၃၇၀ ခန့်သာရှိတဲ့အတွက် သမားရိုးကျတိုက်ခိုက်ရေးရေငုပ်သင်္ဘောတွေထက် သေးငယ်ပြီး ကမ်းရိုးတန်းနဲ့ ကျဉ်းမြောင်းတဲ့ ရေလမ်းကြောင်းတွေမှာ လျှို့ဝှက်စွာ လှုပ်ရှားနိုင်တာက အဓိကအားသာချက် ဖြစ်ပါတယ်။
တည်ဆောက်နေတဲ့ မြန်မာရေငုပ်သင်္ဘောမှာ ခရုဇ်ဒုံးကျည် ပစ်လွှတ်နိုင်တဲ့ ဒေါင်လိုက်ဒုံးကျည်ပစ်လွှတ်စနစ် ပါဝင်နိုင်တယ်လို့လည်း Military Watch Magazine က ခန့်မှန်းထားပေမဲ့ ဒီအချက်ကို အထောက်အထားပြည့်စုံစွာ အတည်ပြုထားခြင်း မရှိသေးပါဘူး။
မြန်မာရေတပ်မှာ လက်ရှိ အိန္ဒိယနိုင်ငံက လွှဲပြောင်းပေးခဲ့တဲ့ Kilo အမျိုးအစား ရေငုပ်သင်္ဘောတစ်စင်းနဲ့ တရုတ်နိုင်ငံထုတ် Type 035 Ming အမျိုးအစား ရေငုပ်သင်္ဘောတစ်စင်း ရှိထားပါတယ်။
အခုတည်ဆောက်နေတယ်လို့ ဖော်ပြထားတဲ့ ရေငုပ်သင်္ဘောကို အမှန်တကယ် အပြီးသတ်ထုတ်လုပ်နိုင်ခဲ့မယ်ဆိုရင် မြန်မာရေတပ်ရဲ့ ပထမဆုံး ပြည်တွင်းတည်ဆောက်တဲ့ ရေငုပ်သင်္ဘော ဖြစ်လာနိုင်သလို ကမ်းရိုးတန်းကာကွယ်ရေးနဲ့ လျှို့ဝှက်စစ်ဆင်ရေးစွမ်းရည်ကိုလည်း တိုးမြှင့်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဂြိုဟ်တုဓာတ်ပုံတစ်ခုတည်းပေါ် အခြေခံထားတဲ့ သုံးသပ်ချက်ဖြစ်တာကြောင့် သင်္ဘောအမျိုးအစား၊ တည်ဆောက်မှုအဆင့်၊ လက်နက်တပ်ဆင်မှုနဲ့ နိုင်ငံခြားနည်းပညာအကူအညီ ပါဝင်မှုတွေကို ဆက်လက်စောင့်ကြည့် အတည်ပြုရဦးမှာ ဖြစ်ပါတယ်။
ပုံစာ – မြောက်ကိုရီးယား Sang-O အမျိုးအစားဟာ ဒီဇယ်-လျှပ်စစ်စွမ်းအင်သုံး ရေငုပ်သင်္ဘောကိုတွေ့ရစဉ်


