၂၈ ဧပြီ ၂၀၂၆ | New Day Myanmar
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာစစ်တပ်ကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေဖို့ ကြိုးပမ်းအားထုတ်မှုတွေကို တိုးမြှင့်လုပ်ဆောင်ကြဖို့ ကုလသမဂ္ဂ ကျွမ်းကျင်သူ Tom Andrews က ဧပြီ ၂၈ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
စစ်တပ်ဟာ ဆယ်စုနှစ်များစွာကြာ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေခြင်းကြောင့် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကပ်ဘေးအခြေအနေတွေ ဖြစ်ပေါ်လာခဲ့တာဖြစ်ပြီး အဆိုပါ ပြစ်ဒဏ်ကင်းလွတ်ခွင့်စနစ်ကို အဆုံးသတ်ဖို့နဲ့ အကြမ်းဖက်မှုသံသရာကို ချိုးဖျက်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အရေးယူဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း ထောက်ပြထားပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူဟောင်းဖြစ်တဲ့ Tom Andrews ဟာ “ပြစ်ဒဏ်ကင်းလွတ်ခွင့်မှသည် တရားမျှတမှုဆီသို့” ဆိုတဲ့ အမည်နဲ့ သူ့တာဝန်ကာလနောက်ဆုံးအစီရင်ခံစာကို ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။
ထို့အပြင် တရားမျှတမှုနဲ့ တာဝန်ခံမှုရရှိရေး ကြိုးပမ်းနေသူတွေကို ကူညီပေးရာမှာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ လက်ရှိလုပ်ဆောင်မှုတွေဟာ မလုံလောက်သေးဘူးလို့လည်း ထောက်ပြခဲ့ပါတယ်။
မြန်မာပြည်သူတွေဟာ ဆယ်စုနှစ်များစွာကြာ အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုသံသရာအောက်မှာ ဆက်လက်နေထိုင်နေရပြီး စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိတစ်ဦးတစ်ယောက်မျှ အရေးယူခံရခြင်းမရှိသေးတာကြောင့် မကျေနပ်မှုတွေ မြင့်တက်နေတယ်လို့လည်း သူက သတိပေးပါတယ်။
စစ်တပ်အနေနဲ့ အရပ်သားပြည်သူတွေကို တိုက်ခိုက်ခြင်း၊ တိုင်းရင်းသားလူနည်းစုတွေကို နှိပ်စက်ညှဉ်းပန်းခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အပါအဝင် ကြီးလေးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့ကြောင်း ခိုင်လုံတဲ့ အထောက်အထားတွေ ရှိနေကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာပြည်သူတွေအတွက် ကြန့်ကြာနေတဲ့ တရားမျှတမှုဟာ တရားမျှတမှုကို ငြင်းပယ်ထားခြင်းနဲ့ တူတယ်လို့လည်း သူက သတိပေးခဲ့ပြီး နိုင်ငံတကာအရေးယူမှုတွေ ချက်ချင်းလိုအပ်နေတယ်လို့ ဆိုပါတယ်။


