Homeပြည်တွင်းသတင်းမြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ်အဖြစ် ကယ်လီ အက်ခဲစ် ကားရီ ကိုခန့်အပ်

မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ်အဖြစ် ကယ်လီ အက်ခဲစ် ကားရီ ကိုခန့်အပ်

၁ ဧပြီ ၂၀၂၆ | New Day Myanmar

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ၆၁ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ အမေရိကန်သံအမတ်ကြီး ကယ်လီ အက်ခဲစ် ကားရီ ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် အတည်ပြုခန့်အပ်လိုက်တယ်လို့ သိရပါတယ်။

အဆိုပါ ခန့်အပ်မှုအရ ကယ်လီ အက်ခဲစ် ကားရီဟာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ တွမ် အန်ဒရူးစ် ရဲ့ နေရာကို ဆက်ခံတာဝန်ယူသွားမှာဖြစ်ပါတယ်။

ကယ်လီ အက်ခဲစ် ကားရီဟာ နိုင်ငံခြားရေးမူဝါဒနဲ့ လူ့အခွင့်အရေးနယ်ပယ်တွေမှာ နှစ်ပေါင်း ၃၀ ကျော် အတွေ့အကြုံရှိသူဖြစ်ပြီး မြန်မာ့အရေး၊ အထူးသဖြင့် ရိုဟင်ဂျာအရေးနဲ့ အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာစင်မြင့်ပေါ်မှာ ဆက်တိုက် ထောက်ပြပြောဆိုလာသူတစ်ဦးဖြစ်ပါတယ်။

အထူးကိုယ်စားလှယ်အဖြစ် ၎င်းဟာ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးအခြေအနေတွေကို စောင့်ကြည့်လေ့လာပြီး ကုလသမဂ္ဂကို တရားဝင် အစီရင်ခံစာတွေ တင်ပြရမှာဖြစ်သလို လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်သူတွေ တာဝန်ခံမှုရှိစေရေးကိုလည်း နိုင်ငံတကာအဆင့်မှာ တောင်းဆိုဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

မြန်မာ့အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကတော့ ဒီခန့်အပ်မှုကို ကြိုဆိုထားပြီး ကယ်လီ အက်ခဲစ် ကားရီရဲ့ ဦးဆောင်မှုအောက်မှာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးနဲ့ တရားမျှတမှုဆိုင်ရာ လုပ်ငန်းတွေ ပိုမိုတိုးတက်လာမယ်လို့ မျှော်လင့်ထားကြပါတယ်။

လေ့လာသူတွေကလည်း မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးအကျပ်အတည်းတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ဒီခန့်အပ်မှုဟာ နိုင်ငံတကာအာရုံစိုက်မှုနဲ့ ဖိအားတွေကို ပိုမိုတိုးမြှင့်ပေးနိုင်မယ့် အရေးပါတဲ့ ခြေလှမ်းတစ်ခုဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး