Homeဆောင်းပါးတရုတ်မီးစိမ်းလား — ကိုးကန့်ထိုးစစ်နောက်က ဘေဂျင်းရဲ့ အရိပ်

တရုတ်မီးစိမ်းလား — ကိုးကန့်ထိုးစစ်နောက်က ဘေဂျင်းရဲ့ အရိပ်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ဒေသအတွင်း ကိုးကန့်တပ် (MNDAA) က တအာင်းတပ် (TNLA) တပ်စခန်းတွေကို တစ်ပြိုင်နက် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာတာဟာ ဒေသတွင်း စစ်ရေးအခြေအနေကိုသာမက တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍကိုပါ မေးခွန်းထုတ်စေတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်လာပါတယ်။

မတ် ၁၄ ရက် မနက်ပိုင်းကနေ စတင်ပြီး ကွတ်ခိုင်မြို့နယ်နဲ့ အနီးဝန်းကျင်ဒေသတွေမှာ လက်နက်ငယ်ပစ်ခတ်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေ နဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေကြောင့် မြို့အတွင်း နေရာတချို့မှာ မီးလောင်မှုတွေ ဖြစ်ပွားခဲ့သလို အရပ်သား ထိခိုက်ဒဏ်ရာရမှုတွေလည်း ရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ရေးသတင်းရင်းမြစ်တွေကတော့ MNDAA ဘက်ဟာ ကွတ်ခိုင်နဲ့ နမ့်ဖက်ကာဒေသတွေကို လမ်းကြောင်းအမျိုးမျိုးကနေ စစ်ကြောင်းခွဲဝင်ပြီး TNLA တပ်တွေကို ဖိအားပေးတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

အဓိကမေးခွန်းကတော့ MNDAA ဘက်က အခုလို အင်အားအလုံးအရင်းနဲ့ တစ်ပြိုင်နက် ထိုးစစ်ဆင်လာတာဟာ တရုတ်ဘက်က ခွင့်ပြုချက်မရှိဘဲ ဖြစ်နိုင်ပါ့မလား ဆိုတာ ဖြစ်ပါတယ်။

MNDAA ဟာ ရှမ်းမြောက်ဒေသမှာ တရုတ်နဲ့ အနီးစပ်ဆုံး ဆက်ဆံရေးရှိတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး နယ်စပ်ကုန်သွယ်ရေး၊ လုံခြုံရေးနဲ့ စီးပွားရေးဆိုင်ရာ ကိစ္စတွေမှာ တရုတ်ဘက်နဲ့ နီးကပ်စွာ ဆက်ဆံနေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

ယုံကြည်ရတဲ့ ဒေသသတင်းရင်းမြစ်တချို့ရဲ့ အဆိုအရ သိန္နီဒေသကို ထိန်းချုပ်ရေးကိစ္စနဲ့ ပတ်သက်ပြီး စစ်ကော်မရှင်ဘက်က တရုတ်ကို တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပြီးနောက် MNDAA ဘက်က ဒေသခံတွေကို ဆက်တိုက် အင်တာဗျူးလုပ်ကာ ဒေသခံတွေ သူတို့ကို လိုလားကြောင်း သက်သေပြတဲ့ အချက်အလက်တွေကို တရုတ်ဘက်ကို တင်ပြခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် သိန္နီဒေသအတွင်း တရုတ်စာကို အကျယ်ပြန့်အသုံးပြုခိုင်းတာ၊ တရုတ်လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်လာတာတွေဟာလည်း တရုတ်ဘက်ရဲ့ အကျိုးစီးပွားနဲ့ ကိုက်ညီအောင် ပြုလုပ်နေတဲ့ လှုပ်ရှားမှုတွေဖြစ်နိုင်တယ်လို့ ဒေသစောင့်ကြည့်သူတွေက သုံးသပ်ပါတယ်။

ရှမ်းမြောက်ဒေသဟာ တရုတ်နိုင်ငံအတွက် အရေးပါတဲ့ စီးပွားရေးနဲ့ လုံခြုံရေး လမ်းကြောင်းတွေ တည်ရှိနေတဲ့ ဒေသလည်း ဖြစ်ပါတယ်။

အထူးသဖြင့် တရုတ်ကနေ မြန်မာနိုင်ငံအတွင်းကို ဖြတ်သန်းသွားတဲ့ စွမ်းအင်ပိုက်လိုင်းဟာ ဘေဂျင်းအတွက် အရေးကြီးတဲ့ အခြေခံအဆောက်အအုံ ဖြစ်ပါတယ်။

အရင်က TNLA ထိန်းချုပ်ဒေသအတွင်း တရုတ် ဂတ်စ်ပိုက်လိုင်း ဖောက်ခွဲခံရတဲ့ ဖြစ်ရပ်အတွင်း MNDAA အဖွဲ့က တရုတ်ဘက်ကိုယ်စား ချက်ချင်း သွားရောက်စစ်ဆေးပြီး အစီရင်ခံစာတွေ တင်ပေးခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒါကြောင့် MNDAA ဟာ တရုတ်ရဲ့ နယ်စပ်လုံခြုံရေး အကျိုးစီးပွားနဲ့ ဆက်စပ်နေတဲ့ အဖွဲ့တစ်ခုအဖြစ် လေ့လာသူတွေက မြင်ကြပါတယ်။

MNDAA၊ TNLA နဲ့ AA တို့ဟာ “ညီနောင်မဟာမိတ် သုံးဖွဲ့” အဖြစ် ၁၀၂၇ စစ်ဆင်ရေးကို ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။

ဒါပေမယ့် အခု MNDAA ဘက်က TNLA ကို တစ်ပြိုင်နက် စစ်မျက်နှာအများအပြား ဖွင့်ပြီး တိုက်ခိုက်လာတာဟာ မဟာမိတ်အတွင်း စည်းတစ်ခုကို ကျော်လွန်သွားတဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်လာပါတယ်။

အထူးသဖြင့် WUSA ဘက်က စစ်ရေးနည်းလမ်းနဲ့ မဖြေရှင်းကြဖို့ ထုတ်ပြန်ထားတဲ့ အခြေအနေရှိနေပေမယ့် MNDAA ဘက်က အခုလို ထိုးစစ်ဆင်လာတာဟာ တရုတ်ဘက်ရဲ့ သဘောတူညီမှု မရှိဘဲ မဖြစ်နိုင်ဘူးဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်နေပါတယ်။

တစ်ဖက်မှာ စစ်ကော်မရှင်တပ်ဘက်ကတော့ လားရှိုးဘက်ကနေ အခြေအနေကို စောင့်ကြည့်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ရေးလေ့လာသူတချို့ကတော့ မဟာမိတ်တပ်တွေကြား နယ်မြေပြဿနာတွေ ပိုမိုပြင်းထန်လာနိုင်ပြီး စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းသွားမယ်ဆိုရင် သိန္နီ၊ ကွတ်ခိုင်နဲ့ နမ့်ဖက်ကာဒေသတွေဟာ စစ်ကော်မရှင်တပ် လက်ထဲ ပြန်ကျနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ သုံးသပ်ပါတယ်။

လေ့လာသူတချို့ကတော့ အခုတိုက်ပွဲဟာ ရိုးရိုးနယ်မြေပြဿနာတစ်ခုထက် တရုတ်ရဲ့ နယ်စပ်ဒေသ စစ်ရေးစီမံခန့်ခွဲမှုနဲ့ ဆက်စပ်နေတဲ့ နိုင်ငံရေးဆိုင်ရာကိစ္စတစ်ခု ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် Deng Xijun မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့အချိန်နဲ့လည်း ဒီတိုက်ပွဲတွေက တိုက်ဆိုင်နေပါတယ်။

ဒါကြောင့် MNDAA ရဲ့ ထိုးစစ်ဟာ တရုတ်ဘက်က “မီးစိမ်းပြ” လိုက်တဲ့ လှုပ်ရှားမှုလား၊ ဒါမှမဟုတ် ဒေသတွင်း မဟာမိတ်တပ်တွေကြား ပေါက်ကွဲလာတဲ့ နယ်မြေပြဿနာလား ဆိုတာဟာ လက်ရှိအချိန်အထိ အဖြေရှာဖို့ ခက်ခဲနေတဲ့ မေးခွန်းတစ်ခု ဖြစ်နေပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး