၂၅ ဇန်နဝါရီ ၂၀၂၆
ရွေးကောက်ပွဲအပိုင်း ၃ ပြုလုပ်ဖို့ ပြင်ဆင်ထားတဲ့ ဖားကန့်မြို့နယ်မှာ ဒီကနေ့ ဇန်နဝါရီ ၂၅ မနက်က KIA ပူးပေါင်းတော်လှန်ရေးအဖွဲ့တွေနဲ့ စစ်အုပ်စုအကြား ပစ်ခတ်တာတွေဖြစ်ပွားနေတာကြောင့် မဲရုံတွေမှာ မဲပေးမယ့်သူမရှိဘဲ ရွေးကောက်ပွဲပျက်သွားတဲ့ အခြေအနေမျိုး ဖြစ်ပေါ်နေတယ်လို့ဒေသခံတစ်ဦးက New Day Myanmar ကိုပြောပါတယ်။
ဒီပစ်ခတ်မှုဟာ လွန်ခဲ့တဲ့သုံးရက်ခန့်က တည်းက KIA/KPDF အဖွဲ့က ရွေး ကောက်ပွဲပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ ဖားကန့် စစ်ဗျူဟာကုန်းကို လက်နက်ကြီးတွေအပြင် ဒရုန်းတွေနဲ့ ပစ်ခတ်ရာကနေ စစ်အုပ်စုဘက်ကလည်း တန်ပြန်ပစ်ခတ်နေကြတာဘဲဖြစ်ပါတယ်။
ဒီကနေ့ မနက် နှစ်ဖက်ပစ်ခတ်မှုအတွင်း ဖားကန့်ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး၊ ဒေသခံတွေဟာ ဗုံးခိုကျင်းထဲမှာ ပုန်းအောင်နေကြရတယ်လို့ သူကဆိုပါတယ်။
“ဖားကန့်က စစ်တပ်နဲ့ ရဲစခန်းတွေလုံခြုံရေး အားကောင်းတဲ့နေရာပေါ့။တဖက်ကလည်း တော်လှန်ရေးအဖွဲ့အားကောင်းတာပေါ့၊ ဒီနေ့က ရွေးကောက်ပွဲအပိုင်း ၃ ကျင်းပဖို့ ပြင်ဆင်ထားတဲ့အတွက် မနေ့ကတည်းက ဖားကန့်အဝင်အထွက်လမ်း ပန်းတင်တံတားနဲ့ ကျောက်စိမ်းတောင်တံတားတွေကို စစ်တပ်က ဟိုဘက်ဒီဘက်ပိတ်ချလိုက်တယ်။ ဖားကန့်ဒေသက တော်လှန်ရအားကောင်းတဲ့ဒေသဖြစ်တော့ လက်နက်ကြီးတွေနဲ့ ဖားကန့်မြို့ထဲကို လှမ်းပစ်တယ်။ စစ်တပ်ဘက်ကလည်း ပြန်ပစ်တော့ ဆိတ်မူကျေးရွာထဲက အိမ်တွေပေါ်ကျတော့ ထိခိုက်တာတွေဖြစ်နေတာ”လို့ သူက ရှင်းပြပါတယ်။
KIA/KPDFအဖွဲ့တွေက ပစ်ခတ်မှုတွေမလုပ်ခင်မှာ ဖားကန့်ပြည်သူတွေနဲ့ မြို့အနီးဝန်းကျင်က ကျေးရွာနေပြည်သူတွေလုံခြုံရာ အဆောက်အဦနဲ့ ဗုံးခိုကျင်းထဲ နိုးနိုးကြားကြားနေကြဖို့ တိုက်တွန်းနှိုးဆော်ထားတယ်လို့ သိရပါတယ်။
ဒေသတွင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေကလည်း တိုက်ပွဲပြင်းထန်နေတဲ့ရွေး ကောက်ပွဲနေ့မှာ မိဘပြည်သူတွေ အရဲစွန့်အပြင်ထွက်တာမလုပ်ဖို့နဲ့ စစ်အုပ်စုစခန်းနဲ့ မဲရုံတွေအနီးမှာမနေဘဲ လုံခြုံရာမှာနေကြဖို့ နှိုးဆော်ထားတယ်လို့လည်း သိရပါတယ်။
စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက် ပွဲကို KIO ဗဟိုကလည်း လက်မခံဘူးလို့ အတိအလင်းပြောကြားထားသလို ဖားကန့် တော်လှန်ရေးအင်အားစုတွေကလည်း “သင့်မဲဖြင့် လူသတ်ခွင့် မပေးနဲ့”လို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ထားကြတာပါ။
ဒီလိုအခြေအနေမှာပဲ စစ်ကောင်စီဟာ ဖားကန့်မြို့ကို ပိတ်ချပြီး မြို့ပေါ်ရပ်ကွက်တွေမှာ မဲရုံတွေဖွင့်ပြီး ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတာကြောင့် အခုလို နှစ်ဖက်အပြန်အလှန် ပစ်ခတ်တာတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။
စစ်အုပ်စုပြုလုပ်မယ့် ရွေးကောက်ပွဲအပိုင်း ၃ အတွက် ကချင်ပြည်နယ်ထဲက မြို့နယ် ၅ မြို့နယ်မှာ ပြုလုပ်ဖို့လျာထားတာဖြစ်ပါတယ်။
ပုံစာ – ဖားကန့် ကလပ်ကုန်းအပေါ်ဖက် လူနေအိမ် လက်နက်ကြီးကျရောက် ပေါက်ကွဲပြီးနောက်မြင်ကွင်း (CJ)


