Homeပြည်တွင်းသတင်းတောင်ခမ်း အမြောက်ကွပ်ကဲမှုဌာနချုပ် TNLA ပူးပေါင်းတပ်သိမ်းပိုက် တပ်ရင်းလေးရင်းရှိသည့်အနက် တပ်ရင်းတစ်ခုသာ သိမ်းပိုက်ဖို့ကျန်ရှိ

တောင်ခမ်း အမြောက်ကွပ်ကဲမှုဌာနချုပ် TNLA ပူးပေါင်းတပ်သိမ်းပိုက် တပ်ရင်းလေးရင်းရှိသည့်အနက် တပ်ရင်းတစ်ခုသာ သိမ်းပိုက်ဖို့ကျန်ရှိ

၅ စက်တင်ဘာ ၊၂၀၂၄

ရှမ်းပြည် မြောက်ပိုင်းဒေသ နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာအခြေစိုက် အမှတ် ၉၀၂ အမြောက်စခန်း ကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂) ကို ပလောင်(တအန်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်တွေက ဒီနေ့မှာ သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း ဧရာ၀တီ သတင်းမှာဖော်ပြလာမှုအ သိရပါတယ်။

လတ်တလောအခြေအနေအရ တပ်ရင်းအတွင်း နယ်မြေရှင်းလင်းမှုတွေလုပ်ဆောင်နေပြီး ထိခိုက်သေဆုံးမှုနဲ့ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုတွေကို အသေးစိတ် မသိရသေးကြောင်း ကျောက်မဲခရိုင် ပကဖ အဖွဲ့ဝင် တစ်ဦးက ပြောဆိုထားတယ်လို့ ဆိုပါတယ်။

နောင်ချိုမြို့နယ်၊တောင်ခမ်းရွာအခြေစိုက် အမှတ် ၉၀၂ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)မှာ စစ် ကောင်စီရဲ့ ရှမ်းပြည်မြောက်ပိုင်းဒေသမှာ တခုတည်းသော အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် တစ်ခုဖြစ်တယ် လို့လည်း သိရပါတယ်။

တောင်ခမ်းရွာအတွင်း စစ်ကောင်စီတပ်ရဲ့ မစခ ၉၀၂ နဲ့ အမတ ၂၀၆၊ အမတ- ၄၀၆ နဲ့ အမတ-၃၅၄ တို့ အခြေစိုက်တပ်စွဲထားကြောင်းသိရပြီး TNLA ပူးပေါင်းတပ်က တပ်ရင်းသုံးခုကို သိမ်းပိုက်ရရှိထားပြီးဖြစ်ပြီး အမတ ၃၅၄ တပ်ရင်းတခုသာ တိုက်ခိုက်သိမ်းပိုက်ဖို့ ကျန်ရှိတော့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ပုံစာ-( တောင်ခမ်းရွာတိုက်ပွဲသို့ စစ်ကူသွားနေသည့် TNLA တပ်ဖွဲ့များ)
Photo – PSLF/TNLA

Related News

Most Read