Homeပြည်တွင်းသတင်းတိုက်ပွဲပြင်းထန်နေတဲ့ မောင်တောမြို့က ပြည်သူတွေကို စစ်ကောင်စီ ထွက်ခွာခွင့်မပေး

တိုက်ပွဲပြင်းထန်နေတဲ့ မောင်တောမြို့က ပြည်သူတွေကို စစ်ကောင်စီ ထွက်ခွာခွင့်မပေး

ဇွန် ၂၀ ၊ ၂၀၂၄

ရခိုင်ပြည်နယ် မောင်တောမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် မြို့နေပြည်သူတွေ ထောင်ချီပိတ်မိနေကြပြီး မြို့က ထွက်ခွာလိုသူတွေကို စစ်ကောင်စီနဲ့ ARSA က တားမြစ်နေတယ်လို့သိရပါတယ်။

AA က မောင်တောမြို့ကို ဝင်ရောက်သိမ်းမှာဖြစ်လို့ မြို့နေပြည်သူတွေအနေနဲ့ အမြန်ဆုံး ရှောင်တိမ်းနေကြဖို့ ဇွန်လ ၁၆ ရက်က ကြေညာထားပါတယ်။ မြို့ခံလူအများစုက AAရဲ့ အသိပေးချက်ကို လိုက်နာပြီး မြို့က ထွက်သွားနိုင်ခဲ့ပေမယ့် ပြည်သူ နှစ်ထောင်ဝန်းကျင်ဟာ စစ်ကောင်စီတပ်တွေနဲ့ ARSA တို့ရဲ့တားမြစ်ထားမှုကြောင့် မြို့ထဲမှာ ဆက်ပြီး ပိတ်မိနေပါတယ်။ ပိတ်မိနေတဲ့ပြည်သူအများစုက ရိုဟင်ဂျာတွေ ဖြစ်တယ်လို့ သိရပါတယ်။

မွတ်ဆလင်တွေ၊ ရခိုင်တွေ၊ ဟိန္ဒူတွေအကုန် AA အသိပေးတဲ့ ဇွန်လ ၁၆ ရက်ထဲက ချက်ချင်း ထွက်သွားတာမို့ လွတ်သွားပေမယ့် ရိုဟင်ဂျာအများစုပါဝင်တဲ့ ပြည်သူ နှစ်ထောင်လောက်ကတော့ မောင်တောမြို့ထဲ ဆက်ပြီး ပိတ်မိနေကြပါတယ်။ စစ်ကောင်စီနဲ့ ARSA က လူသားဒိုင်းအနေနဲ့ အကာအကွယ်ယူပြီး မြို့ထဲ ဆက်ပိတ်လှောင်ထားတာပါ။ မောင်တောမြို့ခံ ရိုဟင်ဂျာတချို့က ခိုးထွက်ဖို့ ကြိုးစားနေပေမယ့် စစ်ကောင်စီ ဂိတ်တွေက ထွက်ခွင့်မပေးသလို ခိုးထွက်ရင်လည်း ARSA က ပစ်ခတ်ဖမ်းဆီးနေကြပါတယ်။

မောင်တောမြို့က ပိတ်မိနေတဲ့ ရိုဟင်ဂျာတွေကို ဘူးသီးတောင်ကဲ့သို့ ဖြစ်စဉ်မျိုး ဖြစ်သွားမှာကို စိုးရိမ်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့က် (Volker Turk) က ဇွန်လ ၁၈ ရက်က ထုတ်ဖော်ပြောကြားထားပါတယ်။ AA ရဲ့ ထုတ်ပြန်ချက်မှာ မောင်တောမြို့က ပြည်သူတွေအနေနဲ့ ထွက်ခွာရန် ညွှန်ကြားထားပေမယ့် မြို့ကထွက်ခွာရမယ့် လမ်းကြောင်းနဲ့ ဘယ်ကို သွားရောက်ခိုလှုံကြရမယ်ဆိုတဲ့ လမ်းညွှန်ချက်တွေ မပါဘူးလို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ကျော်မိုးက ဆိုပါတယ်။

အာရက္ခတပ်တော် AA ဟာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် မြို့နယ်တွေထဲက ပြည်သူလူထုတွေကို ဘေးကင်းရာနေရာတွေနဲ့ လွတ်မြေက်နယ်မြေတွေကို သွားရောက်ခိုလှုံကြဖို့ သတိပေးကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။ မောင်တောမှာ စစ်ကောင်စီဘက်က စစ်စခန်း ၂ ခုသာ ကျန်တော့တယ်လို့လည်း သိရပါတယ်။

ဆက်စပ် သတင်းများ

Most read