၂၀၂၅နှစ်ကုန်မှာ စစ်ကောင်စီက ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲဟာ နိုင်ငံရေးပြဿနာကို ဖြေရှင်းရာမရောက်တဲ့အပြင် သွေးထွက်သံယိုမှုတွေကို ပိုပြီးဖြစ်စေနိုင်တယ်လို့ နိုင်ငံတကာပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့ ICG က ဇူလိုင် ၁၈ ရက်ကပြောလိုက်ပါတယ်။
မြန်မာ့ပြည်တွင်းစစ်ကို ငြိမ်းချမ်းစွာ အဖြေ ရှာရေး ကြိုးပမ်းရန် အသင့်ပြင်ဆင်ထားသင့်ပြီး လာ မယ့် ရွေးကောက်ပွဲကို မလိုအပ်ဘဲ တရားဝင်နိုင်ငံရေး လုပ်ငန်းစဉ်အဖြစ်အသိအမှတ်မပြုဖို့ လိုတယ်လို့လည်း နိုင်ငံတကာကို တိုက်တွန်းထားပါတယ်။
စစ်ဗိုလ်ချုပ်များအား တရားဝင်အစိုးရအဖြစ် အလျင်စလို အသိအမှတ်ပြုတာကို နိုင်ငံတကာ အစိုးရတွေက ရှောင်ကြဉ်သင့်ပြီး ကုလမဂ္ဂလုံခြုံရေးကောင်စီနဲ့အာဆီယံကဲ့သို့ အပြည်ပြည်ဆိုင်ရာ ယန္တရားတွေက တဆင့်ညှိနှိုင်းတဲ့ နည်းလမ်းတွေ သုံးသင့်တယ်လို့ ဆိုပါတယ်။
ဒီရွေးကောက်ပွဲတွေကို လွယ်လင့်တကူ အကြောင်းပြပြီး နိုင်ငံအချို့က စစ်ကောင်စီကို သံတမန် ရေးအရ ပို၍နက်နက်ရှိုင်းရှိုင်းထိတွေ့ဆက်ဆံလာနိုင်တာကိုလည်း သတိပေးထားပါတယ်။
လက်ရှိမှာ နယ်မြေတွေ ဆုံးရှုံးထားရတဲ့ စစ်ကောင်စီဟာ တရုတ်အစိုးရရဲ့ စွက်ဖက်မှုကြောင့် အသက်ရှုချောင်နေပေမယ့် ရွေးကောက်ပွဲကာလတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေက အကြီးအကျယ်တိုက်ခိုက်နိုင်တာကိုလည်း ပြောထားပါတယ်။
ပုံစာ – ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေကြတဲ့ စစ်အုပ်စု
ဓာတ်ပုံ – CINCDS


