Homeပြည်တွင်းသတင်းနခခ(၅)ကို သိမ်းပိုက်ပြီးနောက် မောင်တောမြို့ဘေးက နတ်မြစ်ကိုဖြတ်သန်းခွင့် AA ပိတ်ပင်

နခခ(၅)ကို သိမ်းပိုက်ပြီးနောက် မောင်တောမြို့ဘေးက နတ်မြစ်ကိုဖြတ်သန်းခွင့် AA ပိတ်ပင်

၉ ဒီဇင်ဘာ၊ ၂၀၂၄

အမှတ် (၅)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅)ကို တိုက်ခိုက်သိမ်းပိုက်ပြီး မောင်တောမြို့ဘေးက နတ်မြစ်ကို ရခိုင်ပြည်နယ်ရေပိုင်နက်အတွင်း ရေကြောင်းသွားလာမှုတွေကို အကန့်အသတ်မရှိ ပိတ်ပင်လိုက်ပြီလို့ အာရက္ခတပ်တော် AAက ဒီဇင်ဘာ ၈ ရက်က ကြေညာထားပါတယ်။

မောင်တောမြို့က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်တပ်စခန်း နခခ(၅)ကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ထွက်ပြေးနေတဲ့အတွက် နတ်မြစ်ရဲ့ ရခိုင်ပြည်နယ်ရေပိုင်နက်အတွင်း ရေကြောင်းသွားလာမှုတွေကို ပိတ်ပင်ထားတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

နခခ(၅)က ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းတိုက်ခိုက်နေကြသည့် အစွန်းရောက် စစ်သွေးကြွလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ RSO ၊ ARSA ၊ ARA နဲ့ စစ်ကောင်စီက သင်တန်းပေးထားတဲ့ အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွလက်နက်ကိုင်တပ်ဖွဲ့ဝင်တချို့ဟာ ဘင်္ဂလားဒေ့ရှ် – မြန်မာနယ်စပ်က နတ်မြစ်တစ်လျှောက်မှာ စက်လှေ၊ မော်တော်ဘုတ်၊ လောင်းလှေတွေနဲ့ ထွက်ပြေးဖို့ ကြိုးစားနေပါတယ်လို့ AA က ဆိုပါတယ်။

ထွက်ပြေးနေသူတွေကို AA က လိုက်လံရှင်းလင်းနေပြီး မောင်တောဒေသရဲ့ တခြားနေရာတွေမှာပါ တိုက်ပွဲတွေ ဆက်လက်ပြီး ဖြစ်ပွားနေတယ်လို့ AA က ကြေညာထားပါတယ်။ မောင်တောမြို့သိမ်းတိုက်ပွဲတွေကို သြဂုတ် ၄ ရက်က စတင်ခဲ့ပြီး ဒီဇင်ဘာ ၈ ရက် မနက် ၉ နာရီကျော်မှာ အပြီးသတ် သိမ်းပိုက်လိုက်နိုင်တာ ဖြစ်ပါတယ်။

Photo – ULA/AA

ဆက်စပ် သတင်းများ

Most read