Homeပြည်တွင်းသတင်းထိုင်းနိုင်ငံသား ၄ ဦးကို မြန်မာစစ်တပ်ဘက်က မလွှတ်ပေးသေးကြောင်း ထိုင်းအစိုးရပြောဆို

ထိုင်းနိုင်ငံသား ၄ ဦးကို မြန်မာစစ်တပ်ဘက်က မလွှတ်ပေးသေးကြောင်း ထိုင်းအစိုးရပြောဆို

၈ ဒီဇင်ဘာ၊ ၂၀၂၄

နိုဝင်ဘာ ၃၀ရက်က ဖမ်းဆီးထားတဲ့ ထိုင်းနိုင်ငံသား ၄ ဦးကို ပြန်လွှတ်ပေးမယ်လို့ ပြောဆိုပေမယ့် မြန်မာစစ်ကောင်စီဘက်က အခုချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိကြောင်း ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၇ ရက် နေ့လည်ပိုင်းက ထုတ်ပြန်ထားပါတယ်။

မြန်မာ့ရေပိုင်နက်၊ ကော့သောင်းမြို့၊ ဇာဒက်ကြီးကျွန်းအနီးကို ဝင်ရောက်လာတဲ့ ငါးဖမ်းစက်လှေတွေကို ပစ်ခတ်ဖမ်းဆီးပြီး ထိုင်းပိုင်ငါးဖမ်းစက်လှေ ၂ စီးနဲ့ စက်လှေပါ ရေလုပ်သား ၃၁ ဦးကို မြန်မာစစ်တပ်က ထိန်းသိမ်းထားပါတယ်။ ဒီ ၃၁ ဦးမှာ ထိုင်းနိုငံသား ၄ ဦးနဲ့ မြန်မာနိုင်ငံသား ၂၇ ဦး ပါဝင်ပါတယ်။ ဒီဖြစ်စဉ်မှာ ရေထဲခုန်ချတဲ့ အသက် ၂၄ နှစ်အရွယ် ထိုင်းနိုင်ငံသားတစ်ဦး ရေနစ်သေဆုံးခဲ့ပါတယ်။

ဖမ်းဆီးထားတဲ့ ရေလုပ်သားတွေကို ရနောင်းတစ်ဖက်ကမ်း ၊ မြန်မာနိုင်ငံဘက်ကမ်းက ကော့သောင်းမြို့မှာ ထိန်းသိမ်းထားပြီး ဒီဇင်ဘာ ၅ ရက်က ပြန်လွှတ်ပေးမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အခုချိန်ထိ မလွှတ်ပေးဘဲ ဆက်ပြီး ဖမ်းဆီးထားတယ်လို့ ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ပြောခွင့်ရ ဗိုလ်ချုပ်ကြီး Thanathip Sawangsaeng က သတင်းထောက်တွေကို ပြောဆိုပါတယ်။

မြန်မာစစ်ကောင်စီတပ်က ပြောခွင့်ရ ဗိုလ်ချုပ်ကြီး ဇော်မင်းထွန်းက ဖမ်းဆီးရမိတဲ့ငါးဖမ်းစက်လှေနဲ့ ရေလုပ်သားတွေဟာ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်မှုရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။ ထိုင်းနိုင်ငံသားတစ်ဦးသေဆုံးခဲ့ရပေမယ့် ထိခိုက်သေဆုံးမှု လုံးဝ မရှိခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။

ထိုင်းမြန်မာနယ်စပ်ရေးရာကော်မတီ (TBC) ကလည်း ထိုင်းနိုင်ငံသားတွေအမြန်ဆုံးပြန်လွှတ်ပေးဖို့ ဥပဒေကြောင်းအရ လုပ်ထုံးလုပ်နည်းတွေနဲ့ ဆက်ပြီး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ဒေသခံမြန်မာအာဏာပိုင်တွေဘက်က အထက်က အမိန့်ထုတ်တာကို စောင့်နေကြောင်းပြောဆိုတယ်လို့ ဗိုလ်ချုပ်ကြီး Thanathipက ဆိုပါတယ်။

လွှတ်မယ့်ရက်မှာ မသေချာသေးဘူးလို့ သူက ဆက်ပြောပါတယ်။ အစောပိုင်းက ထိုင်းအစိုးရအနေနဲ့ မြန်မာအာဏာပိုင်တွေကို သံတမန်နည်းလမ်းတွေနဲ့ ဆက်သွယ်ပြီး ပစ်ခတ်ဖမ်းဆီးမှုကို ကန့်ကွက်ကြောင်းနဲ့ ထိုင်းနိုင်ငံသားတွေကို ပြန်လွှတ်ပေးဖို့တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

မြန်မာစစ်ကောင်စီဘက်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ထိုင်းနိုင်ငံသားတွေဟာ အသက် ၆၈ နှစ်အရွယ် Sunan Mongkutthong၊ အသက် ၆၁ နှစ်အရွယ် Sompong Wiwat၊ အသက် ၆၄ နှစ်အရွယ် Thavorn Phromnimit နဲ့ အသက် ၆၉ နှစ်အရွယ် Wirot Saphanthong Na Nakhon တို့ဖြစ်ကြပါတယ်။

ပုံစာ – ထိုင်းနိုင်ငံသား ငါးဖမ်းလုပ်သားတွေကို မှင်နီနဲ့ ပြထား

Photo – Bangkok Post

ဆက်စပ် သတင်းများ

Most read