၇ ဒီဇင်ဘာ၊ ၂၀၂၄
ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်ပြီး ခန့်အပ်ကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးက ဒီဇင်ဘာ ၆ ရက်က အတည်ပြုခဲ့ပါတယ်။
ဦးကျော်မိုးထွန်းရဲ့နေရာမှာ မြန်မာစစ်ကောင်စီက သူတို့ခန့်အပ်တဲ့ ကိုယ်စားလှယ်နဲ့အစားထိုးဖို့ ကုလသမဂ္ဂကို လျှောက်ထားပြီး ဦးကျော်မိုးထွန်းရဲ့ ရာထူးနေရာကို ကန့်ကွက်ခဲ့ပေမယ့် ကုလသမဂ္ဂအဖွဲ့ဝင် ၉နိုင်ငံပါဝင်သော Credentials Committee က လက်ရှိတာဝန်ယူနေသူကိုပဲ ဆက်ပြီး ခန့်အပ်ထားဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်ခန့်အပ်မှုနဲ့ပတ်သတ်ပြီး ၂၀၂၁၊ ၂၀၂၂၊ ၂၀၂၃ ၊ ၂၀၂၄ ခုနှစ် လေးနှစ်ဆက်တိုက် ကန့်ကွက်ခဲ့ပြီး သူတို့ခန့်အပ်ထားတဲ့သံအမတ်နဲ့အစားထိုးဖို့ ကြိုးစားခဲ့ပါတယ်။
၂၀၂၄ခုနှစ်မှာ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းဆက်လက် ကိုယ်စားပြုခွင့်ရရှိဖို့ ပြည်
တွင်းနဲ့ ပြည်ပရောက် မြန်မာနွယ်ဖွားတိုင်းရင်းသားတွေက ‘Our Ambassador Myanmar’s Voice’ ဆောင်ပုဒ်နဲ့ Campaign ပြုလုပ်ခဲ့ပါတယ်။
“ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုတာဝန်ထမ်းဆောင်နေတဲ့ ပြည်သူကချစ်တဲ့၊ ပြည်သူ့ကိုချစ်တဲ့ ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ယခုတာဝန်အတိုင်း နောက်ထပ် (၁)နှစ် ဆက်လက် တာဝန်ထမ်းဆောင်ဖို့ အထွေထွေညီလာခံက မဲမခွဲဘဲ ဆုံးဖြတ် လိုက်ပါပြီ။ အကြမ်းဖက်စစ်အုပ်စုက ကိုယ်စားပြုဖို့ ကြိုးစားနေတာကို ဆက်လက် တားဆီးနိုင်ခဲ့ပြန်ပါပြီ” လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက သူ့ရဲ့လူမှုကွန်ယက်မှာ ရေးသားဖော်ပြပါတယ်။
Photo – Permanent Mission of Myanmar to the United Nations