၁၆ နိုဝင်ဘာ၊ ၂၀၂၄
စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ထိန်းချုပ်နယ်မြေက အရပ်သား ၁၆၈ ဦး သေဆုံးသွားကကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က နိုဝင်ဘာ ၁၅ ရက်က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပါပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးတဲ့ အရပ်သားတွေထဲ ကလေးငယ် ၆၇ ဦး၊ သက်ကြီးရွယ်အို ၂၇ဦး ပါဝင်ပြီး ဒဏ်ရာရသု ၂၄၉ ဦးရှိတယ်လို့ ဆိုပါတယ်။ ဘာသာရေး အဆောက်အအုံ ၆၇ လုံး၊ စာသင်ကျောင်း ၄၂ ကျောင်းနဲ့ ဆေးဘက်ဆိုင်ရာ အဆောက်အအုံ ၁၄ ခု လည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
KHRG ရဲ့ အစီအရင်ခံစာဟာ KNU နယ်မြေခရိုင် ခုနစ်ခုလုံးအတွင်း ၂၀၂၁ ခု ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် ဇွန်လအထိ ဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို စစ်တမ်းကောက်ယူထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံ တစ်သန်းခန့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ စစ်ကောင်စီဟာ နိုဝင်ဘာလ ၁၅ ရက်ကလည်း ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်က မြို့သစ်၊ ကုန်းလောရွာက စစ်ရှောင်တွေ ခိုလှုံနေတဲ့ ကချင်နှစ်ခြင်းအသင်းတော် KBC ဘုရားရှိခိုးကျောင်းကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ်များအပါအဝင် လူ ၁၀ဦးဝန်းကျင်သေဆုံးခဲ့ပါတယ်။
Photo – KHRG